မကွေးတိုင်းရှိ ဓါတ်သတ္ထု လုပ်ငန်းများမှ အခွန်အဖြစ် ကျပ် သန်း ၅၀၀ ကျော်ရရှိ

မကွေးတိုင်းရှိ ဓါတ်သတ္ထု လုပ်ငန်းများမှ အခွန်အဖြစ် ကျပ် သန်း ၅၀၀ ကျော်ရရှိ

မကွေး၊ ဇူလိုင်လ ၁၄ ။          ။ မကွေးတိုင်းဒေသကြီးရှိ ဓါတ်သတ္ထု လုပ်ငန်းလိုင်စင်များမှ အခွန်အဖြစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကျပ် သန်း(၅၃၈)သန်းကျော် ရရှိခဲ့ပြီး  ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ကျပ် သန်း ၂၀၀ ကျော် ရရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပေးသည့် ဓါတ်သတ္ထုလုပ်ငန်း လိုင်စင်များဖြစ်သည့် အုတ်၊ သဲ၊ ကျောက်ကြီး၊ ကျောက်စရစ်နှင့် မြေနီ ထုတ်လိုင်စင်များမှ ရရှိသည့် အခွန်ငွေများ ဖြစ်ကြောင်း တိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ကျပ်သန်းသုံးရာကျော် ရရှိခဲ့ပါတယ်၊ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်မှာ ကျပ်(၅၃၈၉၉၂၇၀၁ဒသမ၈၇)ရရှိခဲ့တဲ့အတွက် ကျပ်သန်းပေါင်း နှစ်ရာကျော် အခွန်ပိုမိုရရှိခဲ့ခြင်းဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက ပြောသည်။

ဓါတ်သတ္ထု လုပ်ငန်းများအား သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထုတ်ပေးလျက်ရှိပြီး ကျောက်ကြီးနှင့် မြစ်ကျောက်စရစ် တစ်ကျင်းလျှင် ကျပ် ၂၅၀၀နှုန်း အခွန်ကောက်ခံကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းအတွင်း ဓါတ်သတ္ထုလုပ်ငန်းများ ချထားလုပ်ဆောင်ရာတွင် ထုတ်ယူသုံးစွဲသည့် ကျင်းပမာဏာအတိုင်း တိကျစွာ အခွန်ရရှိရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ အား ဝန်ကြီးဦးတင်နွယ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly