ရွှေတောင်မြို့တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် အိမ်ထောင်စု ၃၆ ခု ကယ်ဆယ်ရေးစခန်းများတွင် ခိုလှံုနေရ

ရွှေတောင်မြို့တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် အိမ်ထောင်စု ၃၆ ခု ကယ်ဆယ်ရေးစခန်းများတွင် ခိုလှံုနေရ

ရွှေတောင်၊ ဇူလိုင် ၁၄ ။            ။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် နီးစပ်ရာရေဘေး ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသည့် အိမ်ထောင်စု ၃၆ စု ရှိပြီး အကူအညီများ လိုအပ်နေသည်ဟု ရေဘေးသင့်ပြည်သူများက ဇူလိုင် ၁၄ ရက်တွင် ပြောသည်။

“ကူညီမှုအနေနဲ့ကတော့ ဒီမှာနေဖို့ လူကြီးတွေက မေတ္တာရပ်ခံပေးတာရှိတယ်။ ပံ့ပိုးမှုကတော့ မရှိသေးဘူး။ ဒီလိုပဲ စာရင်းတွေ ကောက်တယ်။ မေးတယ်။အဲဒါလေးပဲရှိတယ်”ဟု ချမ်းသာကြီး ဘုရားအတွင်းနေထိုင်သည့် ရေဘေးသင့် ပြည်သူတစ်ဦးဖြစ်သူ ဒေါ်စိုးစိုးက ဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့မှစ၌ ဧရာဝတီမြစ်ရေတက်လာသည့်အတွက် ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက်နှင့် ကြာနီကန်ရပ်ကွက် မြေနိမ့်ပိုင်း နေရာမှ လူနေအိမ်များသည် နီးစပ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းခဲ့ရခြင်းဖြစ်သည်။

ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက် ချောင်းသာလမ်း မှ အိမ်ထောင်စု ၂၈ ခုသည် ချမ်းသာကြီးဘုရားအတွင်း ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းတွင် နေထိုင်ရပြီး ကြာနီကန်ရပ်ကွက်   ဒေါနခြံလမ်း မှ အိမ်ထောင်စု ၈ ခုသည် ရွှေပြောင်ပြောင် ဘုရားသာသနာ့ ဗိမာန် ဝင်းအတွင်း၌ ရွှေ့ပြောင်းနေထိုင် လျှက်ရှိကြောင်းသိရသည်။

နေအိမ်ရွှေ့ပြောင်းမှုများတွင် တပ်မတော်သားများ ၊ မီးသတ် ၊ ရဲ ၊ ကြက်ခြေနီ နှင့် ပရဟိတ အဖွဲ့ဝင်များက ကူညီပေးခဲ့ကြပြီး စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ရေဘေးသင့်ပြည်သူ ကိုအောင်နိုင် ကပြောသည်။

“ကျွန်တော်တို့ လက်လုပ်လက်စားတွေလဲ အလုပ် မလုပ်နိုင်ဘူး။ မိသားစုစားဝတ်နေရေးခက်ခဲတယ်။ ကလေးတွေပညာရေး ကျောင်းသားတွေလည်း ကျောင်းမတက် နိုင်ဘူး။ ရေထဲပဲ ဆင်းနေရတော့ ကျန်းမာရေးတွေလည်း သိပ်မကောင်းဘူး”ဟု ၎င်းက ဆိုသည်။

ရေဘေးဒုက္ခသည် အိမ်ထောင်စုစာရင်းအား ပြုစုကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့တင်ပြထားပြီး အစိုးရထံမှ အကူအညီများ ရောက်လာမည်ဖြစ်သည်ဟု ကြာနီကန်ရပ်ကွက် ရာအိမ်စုမှူး ဦးမောင်ဦး ကပြောသည်။

“ရေနဲ့အနီးစပ်ဆုံး နေရာတွေကို လက်ရှိလည်း စောင့်ကြည့်ပေးနေရတယ်။ ရေတွေက ဒလဟော တက်နေတော့ နောက်ထပ် အိမ်ထောင်စုတွေ ပြောင်းရွှေ့ရဖို့ရှိသေးတယ်”ဟု   ရွှေတောင်   သွေးလှူရှင်များအသင်းမှ  ကိုပိန်သေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly