ဦးကျော်ဟိန်းမွေးနေ့အလှူအဖြစ် ကိုလူချောအဖွဲ့သားများနှင့် ရုပ်ရှင်လောကသားအချို့အား လှူဒါန်း

ဦးကျော်ဟိန်းမွေးနေ့အလှူအဖြစ် ကိုလူချောအဖွဲ့သားများနှင့် ရုပ်ရှင်လောကသားအချို့အား လှူဒါန်း

ရန်ကုန်   ဇူလိုင်   ၁၄ ။              ။ ရုပ်ရှင်သရုပ်ဆောင်ဘဝမှ သာသနာ့ဘောင်သို့ကူးပြောင်းခဲ့သည့် ဆရာတော်ဦးကိတ္တိသာရ (ဦးကျော်ဟိန်း)၏ သက်တော် ၇၀ ပြည့် ဝိဇာတမွေးနေ့အလှူအဖြစ် ဆန်အိတ်၊တရားစာအုပ်များ၊ ငွေကြေးအချို့ကို ကိုလူချော အဖွဲ့သားများနှင့် ရုပ်ရှင်လောကသားအချို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်း၊ အထက်ဓမ္မာရုံတွင် ဦးကျော်ဟိန်းမွေးနေ့ ပထမအကြိမ်အဖြစ် ပြုလုပ်ခဲ့သည်။

မွေးနေ့အလှူတွင် ဆရာတော် ဦးကိတ္တိသာရ (ဦးကျော်ဟိန်း) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်သန်းနွယ် အေးနှင့် သားဖြစ်သူ ကိုနေဝင်းတို့က ရုပ်ရှင်မင်းသားကြီးဦးကျော်ဟိန်းဘဝတွင် နှစ်ပေါင်း ၂၀ကျော် လက်တွဲခဲ့ဖူးသော ကိုလူချော(ရုပ်ရှင်လူကြမ်း)အဖွဲ့သားများနှင့် ဇာတ်ပို့၊ ဇာတ်ရံများ အပါအဝင် ရုပ်ရှင်၊ ဗီဒီယို စက်မှု အဖွဲ့အလွှာအသီးသီးမှ  သာရေး၊နာရေးအဖွဲ့များအား ဆန်အိတ်နှင့် ရန်ပုံငွေ များ လှူဒါန်းခဲ့သည်။

မွေးနေ့အလှူပွဲတွင် ကိုလူချောအဖွဲ့သား ၅၂ ဦးအား ဆန်အိတ်(၉၀)နှင့် ဆရာတော်ဦးကိတ္တိသာရ (ဦးကျော်ဟိန်း)ရေးသားသည့် တရားစာအုပ်များ၊ ထောက်ပံ့ငွေကြေးများကို ပေးလှူခဲ့သည်။ ထို့ပြင် ဇာတ်ပို့၊ ဇာတ်ရံနှင့် ရုပ်ရှင်၊ ဗီဒီယိုစက်မှုအဖွဲ့အလွှာအသီးသီးက သာရေး၊နာရေးအဖွဲ့များအား လည်း ရန်ပုံငွေများ လှူဒါန်းခဲ့သည်။

အခြားရုပ်ရှင်အနုပညာသမားများထက် ကိုလူချောတို့ လူကြမ်းများသည် ဘဝကို ပို၍ ရုန်းကန်ကြရ သည့်အတွက် ဆရာတော်ဦးကိတ္တိသာရ (ဦးကျော်ဟိန်း)က ရွေးချယ်လှူဒါန်းခြင်းဖြစ်သည်ဟု သားဖြစ်သူ ကိုနေဝင်းက ပြောသည်။

"ကိုလူကြမ်းအဖွဲ့က ကျွန်တော်ငယ်ငယ်ကတည်းက သူတို့နဲ့ကြီးလာတာ။ ကျွန်တော့်ဦးလေးတွေ လည်း ဖြစ်တယ်။ သူတို့တွေ ရုန်းကန်ရတာ မလွယ်ဘူး။ ပုံမှန်အနုပညာသမားတွေထက်စာရင် သူတို့က တော်တော်ရုန်းကန်ရတယ်။ အဲဒါလေးကို တစ်ဖက်တစ်လှမ်းက ပြန်ကြည့်ပေးချင်တဲ့ စိတ်နဲ့ ဦးဇင်းကြီးက ကိုလူကြမ်းအဖွဲ့ကို ရွေးပြီးလှူဖြစ်တာ" ဟု သားဖြစ်သူ ကိုနေဝင်းက ပြောသည်။

ဆရာတော်သည် ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းဘဝက ဆင်းရဲချို့တဲ့သော လူကြမ်းအဖွဲ့သားများ ကို မကြာခဏထောက်ပံ့လှူဒါန်းလေ့ရှိသည့်အပြင် သင်ပြဆုံးမလေ့ရှိသည်ဟု ကိုလူချော အဖွဲ့သားများက ပြောသည်။

"ဒီပွဲကို ဘုန်းဘုန်းကိုယ်တိုင်ကြွလာရင် ဘယ်လောက်ကောင်းမလဲလို့ ဆန်အိတ်တွေချရင်း၊ အချင်းချင်း ပြောမိတယ်၊ ဒီလိုလှူတဲ့အတွက် ပီတိဖြစ်သလိုပဲ ဆရာနဲ့ မတွေ့ရတော့ဘူးလား ဆိုတဲ့အသိနဲ့ ဦးအောင်ခိုင်တို့ မျက်ရည်ကျမိပါတယ်၊ မျက်ရည်ကျတယ်ဆိုတာက ဝမ်းနည်း၊ ဝမ်းသာပါ၊ မွေးနေ့အလှူ မှာ ဘုန်းဘုန်းကိုယ်တိုင်ကြွရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ပေါ့ နော်" ဟု သရုပ်ဆောင် ဦးအောင်ခိုင်က ပြောသည်။

ဆရာတော်ဦးကိတ္တိသာရ (ဦးကျော်ဟိန်း)သည် ယခုအခါ သြစတေးလျနိုင်ငံတွင် သီတင်းသုံး နေထိုင်လျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly