ပြည်ပမှ လာသည့် ရေဘေး အကူအညီများ ထိရောက်စေဖို့

ပြည်ပမှ လာသည့် ရေဘေး အကူအညီများ ထိရောက်စေဖို့

ယခုနှစ် ဇူလိုင်လဆန်းကပင် မုတ်သုံလေ အားကောင်းပြီး မိုးလည်းကောင်းခဲ့သည်။ ဇူလိုင်လ လယ်တွင် မိုးက ပိုကောင်းလာရာမှ ဇူလိုင်လ၂၄ မတိုင်မီ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ် တစ်ခုပေါ်ပေါက်ကာ မိုးက ပိုကောင်းသထက် ကောင်းလာပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ရှမ်းပြည်နယ် ဒေသအချို့ တွင်ရေကြီးရေလျှံမှုများ ၊မြေပြိုမှု များဖြစ်လာသည်။

ထိုမုန်တိုင်းငယ်သည် ကုန်းတွင်းသို့ဖြတ်ကျော်ကာ အင်အားလျော့မသွားမီ မုန်တိုင်းမိုးများ နိုင်ငံအနှံ့ ရွာသွန်းပြီး ပြည်နယ်နှင့်တိုင်း ၁၂ ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်လာသည်။ မိုးနည်းခဲ့သည့် အရပ်တို့၌ မိုးကြီးပြီး ရေလွှမ်းရာ အိမ်အမိုးထိပါ ရေမြုပ်၍ ဒေသခံပြည်သူများ ရေဘေးဒုက္ခကြုံကြရ တော့သည်။

စေတနာ သဒ္ဓါတရား ထက်သန်သော မြန်မာပြည်သူတို့သည် သတင်းမီဒီယာ စာမျက်နှာများ၊ လူမှုကွန်ရက်စာမျက်နှာများပေါ်မှ ရေကြီးရေလျှံ မြေပြိုသတင်းများ၊ ဓာတ်ပုံများ တွေ့ရသည်နှင့် နီးစပ်ရာ စုစည်း ကာငွေကြေး၊ ပစ္စည်းများ သွားရောက်လှူဒါန်းကြသည်။ လမ်းတံတားများ ကျိုးပျက်နေပြီ ဖြစ်၍ ခက်ခက်ခဲခဲ သွားလာလုပ်ကိုင်ကြရသည်။

တတ်နိုင်သူများကလည်း အင်နှင့်အားနှင့် ငွေကြေး၊ အစားသောက်၊ ဆေးဝါး၊ အသုံးအဆောင် ပစ္စည်း စသည်များ လှူကြ တန်းကြသည်။ နိုင်ငံတော်ကလည်း သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တာဝန်ရှိသူများကိုယ်တိုင် ကွင်းဆင်း၍ ရေဘေးကူညီမှုများ တတ်စွမ်းသရွေ့ပေးအပ်ကြသည်။

တရုတ်၊ အိန္ဒိယ၊ ဂျပန်စသည့် နိုင်ငံများကလည်း ရေဘေးကူညီမှုများ ပေးအပ်ကြသည်။ နော်ဝေး၊ ဗြိတိန်၊ အမေရိကန်စသည့် နိုင်ငံကြီးများကလည်း အလားတူပင် ကူညီကြသည်။

နိုင်ငံတကာမှ အကူအညီများမှာ နေ့စဉ်နှင့်အမျှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လျက်ရှိကြ ရာ တာဝန်ရှိသူတို့ကလည်း ယင်းအကူအညီပစ္စည်းများကို ရေဘေးဒုက္ခသည်များထံ ရောက်အောင် ပို့ဆောင်ပေးလျက်ရှိကြသည်မှာ အားရစရာပင် ဖြစ်သည်။

လတ်တလော စားဝတ်နေရေးလိုအပ်ချက်အတွက် ပစ္စည်းကိရိယာများ တဖြည်းဖြည်း ရရှိနေပြီ ဖြစ်သော်လည်း တစ်နိုင်ငံလုံးအနှံ့ ထောင့်စေ့အောင်ရောက်ဖို့အရေးမှာ အပြောလွယ်သလောက် အလုပ်ခက် သဖြင့် အားကြိုးမာန်တက် လုပ်ကိုင်ကြရမည့် သဘောရှိသည်။

ရေလုံးဝကျသွားပြီးချိန်တွင် ပြန်လည်ထူထောင်ရေးများ လုပ်ကြရဦးမည် ဖြစ်သည်။ ထို လုပ်ငန်းမှာလည်း ပစ္စည်းပစ္စယ အကူအညီသာမက လုပ်အားများ လိုအပ်လာဦးမည့်အပြင် အချိန်ယူ လုပ်ကိုင်ကြ ရပေဦးမည်။

ရေဘေးမှာ အထက်ပိုင်း၌ လျော့ပါးသက်သာသည့်ဘက် ရောက်လာသကဲ့သို့ ရှိသော်လည်း အောက်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ၌ အထက်က စီးဆင်းလာသည့် ဧရာဝတီမြစ်ရေတိုးပြီး တစ်စစရေဘေးကြုံ လာနေရပြီ ဖြစ်သည်။

နိုင်ငံတကာမှ အကူအညီသည် လတ်တလော ရေဘေးဒုက္ခအတွက်သာမက နောင်လာမည့် ပြန်လည်ထူထောင်ရေးအတွက်လည်း ရောက်လာကြမည့် အခြေအနေ ရှိသည်။ ဤတွင် ရရှိလာသည့် အကူအညီမှန်သမျှကို ဒုက္ခသည်ပြည်သူထံ အမှန်တကယ် အကျိုးရှိရှိ ရောက်ရှိစေရေးမှာ အထူးအရေးကြီးလှသည်။

လူသည် လောဘ၊ ဒေါသ၊ မောဟတို့နှင့် မကင်းနိုင်သေးသည်မှန်သော်လည်း “တောမီးလောင် တောကြောင် လက်ခမောင်းခတ်” သည့် အဖြစ်မျိုး၊ “ပွဲလန့်တုန်း၊ ဖျာခင်း” သည့် အဖြစ်မျိုး မဖြစ်ဖို့ အသိတရား သတိတရားတို့ဖြင့် ထိန်းချုပ်ကြရန် အလွန်ပင် လိုအပ်လှသည်။

ကိုယ်တိုင်သွား၊ ကိုယ်တိုင်လှူနေကြသည့် ပုဂ္ဂလိက အဖွဲ့အစည်းများတွင် အလွဲသုံးစားပြုမည့် ပြဿနာ ကင်းသော်လည်း ပြည်ပအကူအညီပစ္စည်းများကို စီမံခန့်ခွဲရသည့် အစိုးရဌာန တာဝန်ရှိသူ တို့တွင် အလွဲသုံးစားမှုများ ပေါ်ပေါက်လာတတ်သည်။

နာဂစ်ကာလက ပြည်ပအကူအညီပစ္စည်းများကို ကုန်တင်ကားကြီးများနှင့် တိုက်ချလာ၍ လက်ကားဈေးကြီးများသို့ လာရောက်ရောင်းချသည်ကို တွေ့ဖူး မြင်ဖူးသူများ ရှိသည်။ ဝယ်ဖူး၊ စားဖူး၊ သုံးဖူးသူများ ရှိသည်။ လောလောဆယ်မှာပင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထိုအကြောင်း တစ်စွန်းတစ်စ ရေးလာနေကြသည်။

အတိတ်ကာလ အုပ်ချုပ်ရေးအနေအထားနှင့် ယနေ့ယခု ဒီမိုကရေစီခေတ်၏ အုပ်ချုပ်ရေး အနေအထားများ ကွာခြားသွားပြီ ဖြစ်သည်။ ယခင်က ဤသို့ ဖြစ်ဖူး၍ ယခုထိုသို့ပင် ဖြစ်ရမည်ဟု ကောက်ချက်ဆွဲ မရသော်လည်းအတ္တ၏သားကောင်ဖြစ်သော လူသား၏စိတ်သည် မကောင်းမှု ဘက်သို့ ယိမ်းတတ် တိမ်းတတ်သည့်သဘောရှိသဖြင့် “သတိတမံ ဉာဏ်မြေကတုပ် ပညာစွမ်းချွန်းကဲ့သို့ အုပ်”နိုင်စေကြောင်း သတိပေး ရေးသားလိုရင်း ဖြစ်တော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags