ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်း

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်း

နေပြည်တော်၊ ဇူလိုင် ၁၃၊ ။                ။ ယနေ့ ဇူလိုင်လ ၁၃ရက် တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်တွင် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်နိုင်ရန် ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် တင်သွင်းဖတ်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းပြင်ဆင်ချက်တွင် အချက်ငါးချက် ပါဝင်ကာ အဓိက အချက်သုံးချက်ကို ဒုတိယဝန်ကြီး ဦးကျော်မျိုးက အစည်းဝေးပြီး မီဒီယာများကိုပြောသည်။

ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြုခြင်းနှင့်ဆက်စပ်ပြီး အဓိပ္ပါတိတိကျကျ ဖော်ပြရန်ခက်သည့် အနိုင့်ထက်ပြုခြင်း မတရားတားဆီးကန့်ကွက်ခြင်းနှင့် မလျော်သြဇာ သုံးခြင်းစသည့် ပြစ်မှုသုံးမျိုးကို ပယ်ဖျက်လိုခြင်း၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုရာတွင် ကာယကံရှင်ကိုယ်တိုင် မဟုတ်ဘဲသော်လည်းကောင်း၊ ကာယကံရှင်မှ တရားဝင်ကိုယ်စားလှယ် လွှဲထားသူမဟုတ်ပဲ တခြားလူ တစ်ဦး မှ တိုင်ကြားတရားစွဲဆိုတာတွေ ရှိသည့် အတွက် ကာယကံရှင် သို့မဟုတ် တရားဝင်ကိုယ်စားလှယ်လွှဲထားသူက တိုင်းကြားမှသာ အရေးယူဆောင်ရွက်ဖို့ဆိုသည့် အချက်ကို ထည့်သွင်းပြီးပြင်ဆင်လိုတာဖြစ်သည်ဟု ဒုဝန်ကြီးက ပြောသည်။

အာမခံ ပေးနိုင်ရန် ကိစ္စနှင့်ပတ်သတ်ပြီးလည်း ဒုဝန်ကြီးက “၆၆(ဃ)နဲ့တရားစွဲတဲ့ အခါမှာ အာမခံ ပေးလို့မရဘူးဆိုတော့ အဲ့လို အာမခံ တစ်ခါတည်း အချုပ်ခံရတယ်ဟာမျိုးတွေ ဒီမှာ အခက်အခဲတွေ တရားစွဲဆိုခံရတဲ့လူတွေ အတွက် ထုချေပိုင်ခွင့် အခွင့်အရေးတွေ နစ်နာတာပေါ့လေ။ အဓိကပေါ့ အားလုံးကလဲ ၆၆ ဃ ကိုပဲ အာရုံစိုက်နေကျတယ်ဆိုတော့ ဒီဟာနဲ့ ပတ်သတ်ပြီးတော့ အာမခံပေးနိုင်အောင်အတွက် ပြင်ချင်တာပေါ့” ဟုပြောသည်။

“အာမခံရသည် ”ဆိုသည့် စကားရပ်အစား “အာမခံပေးနိုင်သည် ”ဆိုသည့် စကားရပ်သည် အမှုတစ်ခုအပေါ်ဆုံးဖြတ်ရာတွင် တရားသူကြီး၏ တရားဥပဒေဘောင်အတွင်းက ဆုံးဖြတ်နိုင်ဖို့ အတွက် အဆိုပါစကားရပ်ကို ထည့်ထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“မျှမျှတတ ဥပဒေနဲ့ အညီ သုံးသပ်နိုင်ရန် အတွက် နိုင်သည် လို့ ပြောထားတာပေါ့။ တချို့ အမှုတွေမှာကျတော့ တကယ် Serious ပေါ့ ။ Serious တော်တော်လေး ဖြစ်တဲ့ အမှုမျိုးဆိုရင် တရားသူကြီးရဲ့ သူ့ရဲ့ ဥပဒေနဲ့ အညီ သုံးသပ်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ အတွက်ကို နိုင်သည်လို့ထည့်ထားတာပေ့ါ။ ရသည်ဆိုရင်တော့ တချို့ အမှုတွေကျတော့ တကယ်ကို ထင်ထင်ရှားရှား ကြီးကိုဖြစ် နေတဲ့ဟာမျိုးဘာညာဆိုရင် ပေးရမည်ဆိုရင် တရားသူကြီး အနေနဲ့ ချင့်ချိန် လို့မရဘူးဖြစ်မှာဆိုးလို့ တရားသူကြီးရဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့် ဥပဒေ ဘောင်အတွင်းက လုပ်ပိုင်ခွင့် အတွင်းမှာ ဆုံးဖြတ်နိုင်ဖို့အတွက် လုပ်ပေးတာပါ”ဟု ဒုဝန်ကြီး ဦးကျော်မျိုးကဆိုသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ သဘောထားမှတ်ချက်တွင်လည်း အဆိုပါ ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အပေါ်တွင် လွှတ်တော်က အတည်ပြု ဆောင်ရွက်နိုင်ရန် ဖတ်ကြားသွားခဲ့သေးသည်။

ဆက်သွယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ရက်နေ့က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၃၁)ဖြင့် အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်သည်။

ယခု ပြင်ဆင်ထားသည့် ဥပဒေကြမ်းအပေါ်တွင် “အမျိုးသားလွှတ်တော်ပြီးရင် ပြည်သူ့လွှတ်တော်သွားမယ်။ လွှတ်တော်နှစ်ရပ်စလုံးမှာ ကြေကြေလည်လည် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက မီဒီယာများကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly