သိန်းတစ်သောင်းကံထူးရှင်က ထီလက်မှတ်ရောင်းခဲ့သူ အငြိမ်းစားဆရာမအား ကျပ်သိန်း တစ်ရာ ကန်တော့

သိန်းတစ်သောင်းကံထူးရှင်က ထီလက်မှတ်ရောင်းခဲ့သူ အငြိမ်းစားဆရာမအား ကျပ်သိန်း တစ်ရာ ကန်တော့
ဓာတ်ပုံ-စိုင်းလိုင်း

ရန်ကုန်၊ ဇူလိုင်လ ၁၃ ။             ။ (၄) ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းကံထူးရှင်ဖြစ်သည့် ပင်လောင်းမြို့မှ စိုက်ပျိုးရေးခြံလုပ်ကိုင်သူ ခွန်မိုးသွင်က ထီလက်မှတ်ရောင်းချပေးခဲ့သည့် အငြိမ်းစားကျောင်းဆရာမ ဒေါ်ကြည်ဝင်းအား ကျပ်သိန်းတစ်ရာ ကန်တော့ခဲ့ကြောင်း ဒေါ်ကြည်ဝင်း၏ သားဖြစ်သူ စိုင်းလိုင်းက မဇ္ဈိမသို့ ပြောသည်။

ကံထူးရှင် ခွန်မိုးသွင်မှာ အိမ်မက် မက်ခဲ့ရာမှ ဇွန်လ ၂၅ ရက် မနက်က ထီဆိုင် ဖွင့်ဖွင့်ခြင်းမှာပင် ထီ ၅ စောင်တွဲကို ဆရာမဒေါ်ကြည်ဝင်း၏ သိန်းသိန်းသန်းထီဆိုင်တွင် ဝင်ရောက်ထီထိုး ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ၅ စောင်တွဲထီမှ န ၁၇၅၆၉၆ နံပါတ်ဖြင့် သိန်းတစ်သောင်းဆုကို ကံထူးခဲ့ခြင်းဖြစ်သည်။

“ ကျပ်သိန်းတစ်သောင်း မဟာကံထူးရှင် ခွန်မိုးသွင်က သူ အိမ်မက် မက်ပြီး ကျွန်တော်တို့ဆိုင်မှာ လာထိုးခဲ့တာ ကနေ ပေါက်ခဲ့တာဆိုပြီး ကျွန်တော်အမေကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီနေ့ လာပြီးတော့ ကျပ်သိန်းတစ်ရာ တိတိ ကို ကန်တော့ခဲ့တာဖြစ်ပါတယ်”ဟု စိုင်းလိုင်းက ပြောသည်။

ကံထူးရှင် ခွန်မိုးသွင်မှာ စိုက်ပျိုးရေး ခြံလုပ်ငန်းလုပ်ကိုင်နေရပြီး မိခင်ဖြစ်သူမှာ ကျန်းမာရေးချို့တဲ့ကာ မိသားစု အခြေအနေ စီးပွားရေးအကျပ်အတည်း အခက်အခဲများဖြင့် ဖြတ်သန်းနေရသူဖြစ်ကြောင်း သိရသည်။

၎င်းအနေဖြင့် ယခုကဲ့သို့ (၄) ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းကံထူးရှင်ဖြစ်လာပြီးနောက် မိခင်ဖြစ်သူအား ပထမဆုံးအနေဖြင့် ဆေးကုသပေးမည်ဖြစ်ပြီး ကျေးရွာတွင်ရှိသည့် မိသားစုများဖြင့်တိုင်ပင်ပြီးပါက ၎င်းနေထိုင် သည့် ပင်လောင်းမြို့ရှိ ရေဦးရွာနှင့် ၎င်းဇာတိဖြစ်သည့် ပင်တလဲရွာတို့တွင် ပညာရေးပိုင်းကူညီထောက်ပံ့ပေး မည့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly