PPWT နှင့် DPN တို့ ငြိမ်းချမ်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

PPWT နှင့် DPN တို့ ငြိမ်းချမ်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ဓာတ်ပုံ-အောင်မိုးမြင့်

ဇူလိုင်လ ၁၃ ။           ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့(PPWT)နှင့် အပစ်မရပ်သေးသော နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ် (DPN)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁၃ ရက်နေ့က စတင်တွေ့ဆုံဆွေးနွေးနေသည်။

PPWT ဘက်မှ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် DPN ဘက်မှ ခူဦးရယ် ဦးဆောင်သော ကိုယ်စာလှယ်များ   တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းလုပ်ဆောင်ရာတွင် အခက်အခဲရှိသော်လည်း ရှေ့ဆက် သွားနိုင်ရန်အတွက် တိုင်းရင်းသားများ၏ အနာဂတ် နိုင်ငံရေး တိုက်ပွဲ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန်   တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်ဟု ပဒိုကွယ်ထူးဝင်းက အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

“အထူးသဖြင့် ကျွန်တော်တို့ရဲ့ခံယူချက်ကတော့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး ရည်မှန်းချက် တူနေသမျှ ကာလပတ်လုံး ဘယ်အနေအထားမှာဘဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု လုပ်ရမှာ ဖြစ်ပါတယ်။ နားလည်မှု တည်ဆောက်ရမယ်။ နားလည်မှု ရှိရှိနဲ့ ကျွန်တော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီကနေ့ ညှိနှိုင်း ရရှိလာတဲ့ အချက်တွေက ကျနော်တို့ ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံရေးရည်မှန်းချက်ကို အကောင် အထည်ဖော်ဖို့အတွက် အကျိုးရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

ယနေ့ ဆွေးနွေးပွဲတွင် အဓိကအားဖြင့် မိုင်ဂျာယန်တွင် ပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးမှ ချမှတ်ထားသည့် လုပ်ငန်းစဉ်ထဲမှ ပင်လုံလက်စွဲ စာတမ်း ထုတ်ပြန်ရန် သဘောတူချမှတ်မှုကို ပြန်လည် သုံးသပ်ရန်နှင့် လုံခြုံရေးနှင့် ကာကွယ်ရေးနှင့် ဖက်ဒရယ် တပ်မတော်ကိစ္စရပ်များနှင့် ပတ်သက်သော အခြေခံမူများ ချမှတ်ထားမှုများ ပြုစုထား မှုများ၊ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN ဆွေးနွေးနေသော အချက် ၈ ချက်အပေါ် အကြံပေးနိုင်ရန် အပါအဝင် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ခူဦးရယ်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ကျွန်တော်တို့ နားလည်တာကတော့ ကျွန်တော်တို့ ညီနောင်အဖွဲ့အစည်းတွေကလည်း မကြာခင်မှာ Review တွေ တစ်စုံလုံး လုပ်ဖို့ ရှိတယ်လို့ အကြမ်းမျဉ်းနားလည်ရတယ်။ ကျွန်တော်တို့ ို့လည်း Review တွေ လုပ်နေတယ်။ တစ်ကြိမ်ထဲမှာ ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေအတွက် ပြင်ဆင်မှုတွေ လုပ်ဖု့ိ လိုအပ်နေတဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့ ကတော့ Review process ညှိနှိုင်းဆွေးနွေး ဖြစ်စဉ်ကြားထဲမှာ ကျွန်တော်တို့ ညှပ်နေတဲ့သဘောမျိုးရှိတော့ ကျွန်တော်တို့ နှစ်ဖက်ကြားထဲမှာ အပြန်အလှန် ပံ့ပိုးနိုင်တဲ့ နည်လမ်းကိုတော့လိုအပ်တယ်လို့ ကျွန်တော်တို့ဘက်က အမြင်ရှိပါတယ်။ အဲဒါကြောင့်မလို့ အခုလို ဆုံဆည်းခြင်းဖြစ်ပါတယ်”ဟု ခူဦးရယ်က ပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ နိုင်ဟံသာလည်း အစည်းအဝေးတွင် တက်ရောက် ဆွေးနွေးနေသည်။

PPWT နှင့် DPN လုပ်ငန်းတွေ့ဆုံဆွေးနွေးခြင်းသည် ယခုတကြိမ်သည် တတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပြီး မနက်ဖြန် ဇူလိုင်လ ၁၄ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags