ရန်ကုန်ရေကြောင်းဘတ်စ်တွင် ငွေပေးချေမှုစနစ် ၂ မျိုး သုံးနိုင်မည်

ရန်ကုန်ရေကြောင်းဘတ်စ်တွင် ငွေပေးချေမှုစနစ် ၂ မျိုး သုံးနိုင်မည်

ရန်ကုန်၊ဇူလိုင်၁၃ ။              ။ မကြာမီ စတင်တော့မည့် ရန်ကုန်ရေကြောင်းဘတ်စ်(Water Bus) စီးနင်းမှုအတွက် ခရီးသည်က ငွေပေးချေရာတွင် ငွေသားနှင့် ဘဏ်ကတ်နှစ်မျိုးစလုံးဖြင့် ပေးချေနိုင်ရန် စီစဉ်ထားကြောင်း တာဝန်ယူလုပ်ကိုင်နေသည့် တင့်တင့်မြန်မာကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ဆိုသည်။

ဆိပ်ခံတံတားများ၌ ATM ကဲ့သို့ စက်များထားရှိပေးသွားမည် ဖြစ်ပြီး အဆိုပါစက်တွင် လက်မှတ်ဝယ်ယူနိုင်သလို လက်မှတ်အတွက် ငွေဖြည့်သွင်းနိုင်မည် ဖြစ်သည်။

"Any Pay နဲ့လုပ်ထားတဲ့စနစ်ကကြတော့ Cashless(ငွေသားမဲ့)လေ ။ Jetty တိုင်းမှာဆိုရင် လက်မှတ်ကောင်တာလေးတွေ ရှိတယ်လေ။ အဲဒီမှာတင်ပဲ ကိုယ်ကိုတိုင်ပဲ Ticket ဝယ်တာပဲဖြစ်ဖြစ် ၊ Any Pay ကတ်ကို ကိုင်ထားလို့ပဲဖြစ်ဖြစ် သုံးလို့ရတယ်။ နောက်နှစ်လလောက်ကြာရင် System ကို ထပ် အဆင့်မြှင့် လုပ်မယ်"ဟု တင့်တင့်မြန်မာကုမ္ပဏီဥက္ကဌဒေါ်တင့်တင့်လွင်ကဆိုသည်။

လက်ရှိတွင် ပြည်ပမှ မှာယူထားသော သဘောၤများမှာ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာမည် ဖြစ်ကြောင်းနှင့် အဆိုပါသင်္ဘောများအတွက် MIC(မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်)မှ ခွင့်ပြုချက် စောင့်ဆိုင်းနေကြောင်း သိရသည်။

ထို့ပြင် ဘဏ်ကတ်အသုံးမပြုသူများအတွက် ရိုးရှင်းအဆင်ပြေအောင် ဆောင်ရွက်ထားကြောင်း ဒေါ်တင့်တင့်လွင်က ပြောသည်။

"ရိုးရိုး ဘာမှမသိတဲ့လူတစ်ယောက်ဆိုရင် ရိုးရိုးပဲ Cashပဲ ယူလာခဲ့ ၊ သူစီးခါနီး သဘောၤဆိပ်ကျမှပဲ စီးမယ် ။ နိုင်ငံခြားဘူတာရုံလိုပဲ ကိုယ်စီးမယ့်ပိုက်ဆံ ဥပမာဆိုရင် ၅၀၀တန်တစ်ရွက်ထည့်လိုက် သုံးရာ ဖြတ်ပြီးတော့ Card လေး ထွက်လာမယ် ။ သူ ၁၀၀၀ သွင်းမယ်ဆိုရင်လည်း သူသွင်းမယ့်ပမာဏကို ရေးပေါ့နော် ။ ၁၀၀၀ ဆိုပြီးတော့ အဲဒီ Card ထဲမှာပါပြီးသားပေါ့နော် ။ ကြိုတင် ငွေဖြည့်ကတ်လိုမျိုးပေါ့"ဟု ဒေါ်တင့်တင့်လွင်က ပြောသည်။

Anypay ကုမ္ပဏီမှာ  YBS ၃၇ ကားများတွင် အသုံးပြုနေသော ကတ်စနစ်ဖြစ်ပြီး ရေကြောင်းဘတ်စ်တွင်လည်း အဆိုပါကတ်အား ထုတ်ယူနိုင်သလို ငွေဖြည့်သွင်းနိုင်မည်လည်း ဖြစ်သည်။

ငွေထည့်ရာတွင် ပိုက်ဆံအဟောင်းဖြစ်လျှင်လည်း စက်မှ လက်ခံသွားမည်ဖြစ်ပြီး အခြေခံလူတန်းစားများနှင့် ကိုက်ညီရန် အဓိကရည်ရွယ်ထားကြောင်း ဒေါ်တင့်တင့်လွင်ကပြောသည်။

သင်္ဘောပေါ်သို့ တက်ရောက်သည့်နေရာနှင့် ဆိပ်ခံဘောတံတားမရောက်ခင်ကြားတွင် လက်မှတ် ဖြတ်စက်ကို ထားရှိမည်ဖြစ်သည်။

လက်ရှိအချိန်မှာ ရန်ကုန်ရေကြောင်းဘတ်စ်အတွက် ဆိပ်ခံတံတားများ၊ ငွေပေးချေရေးစနစ်များ ပြီးစီးနေပြီဖြစ်ပြီး MIC(မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်)မှ ခွင့်ပြုချက်ရရှိပါက စတင် ပြေးဆွဲနိုင်မည်ဖြစ်ပြီး ယခင်က ဇူလိုင်လအတွင်း စတင်နိုင်ရန် ခန့်မှန်းထားသည်။

ရန်ကုန်ရေကြောင်းဘတ်စ်စတင်ချိန်၌ မြန်မာပြည်တွင် ထုတ်လုပ်ထားသည့်သင်္ဘော (၇)စီး၊ နိုင်ငံခြားမှ မှာယူတင်သွင်းထားသောသင်္ဘော(၆)စီး စုစုပေါင်း (၁၃)စင်းဖြင့်ပြေးဆွဲသွားမည်ဖြစ်ပြီး အရန်သင်္ဘော(၃)စင်းဖြင့် စုစုပေါင်း(၁၆)စင်း ထားရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly