စာပေဟောပြောပွဲများ ပါတီအချို့၏ လက်ကိုင်တုတ်ဖြစ်နေဟု အတိုက်အခံအမတ် ဝေဖန်

စာပေဟောပြောပွဲများ ပါတီအချို့၏ လက်ကိုင်တုတ်ဖြစ်နေဟု အတိုက်အခံအမတ် ဝေဖန်
မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၁၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ စာပေဟောပြောပွဲများသည် နိုင်ငံရေးပါတီအချို့၏ လက်ကိုင်တုတ်ဖြစ်နေသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့်က ဝေဖန်လိုက်သည်။

အစိုးရအနေဖြင့် စာပေဟောပြောပွဲများ စည်းကမ်းတကျရှိစေရေးနှင့် စာပေဟောပြောပွဲများသည် ပါတီတစ်ချို့၏ လက်ကိုင်တုတ် မဖြစ်စေရေးအတွက် ဥပဒေတစ်ရပ် ထုတ်ပြန်ရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းအား ဇူလိုင် ၁၃ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းစဉ် စက်မှုဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးမောင်မြင့်က ဝေဖန်လိုက်ခြင်း ဖြစ်သည်။

“၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲမတိုင်မီ ပါတီကြီးတခုက အရေးမသာတဲ့ နယ်မြေ ၂၀ကျော်မှာ စာပေဟောပြောပွဲတွေလုပ်ရမယ်ဆိုပြီးတော့ စီမံချက်ထွက်ခဲ့ပါတယ်။ အဲ့ဒီအတိုင်းပဲ လုပ်ခဲ့ပါတယ်။ ကျွန်တော့ မဲဆန္ဒနယ်မြေကိုလည်း စာရေးဆရာဆိုသူအချို့ လာကြပါတယ်။ ဟောကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စာရေးဆရာဆိုသူတချို့ဟာ ပါတီတချို့ရဲ့ လက်ကိုင်တုတ်ဖြစ်နေပြီလားဆိုတာ ရှင်းလင်းစွာ သိမြင်နိုင်ပါတယ်” ဟု ဦးမောင်မြင့်က လွှတ်တော်တွင် ပြောသည်။

“လက်ရှိအချိန်မှာ စာရေးဆရာတွေဘက်က ဖောက်ပြန်မှုတွေ၊ ဖောက်ဖျက်မှုတွေ ရှိနေတယ်။ ရှိနေတဲ့ဟာတွေ အားလုံးကို တရားစွဲရမယ်ဆိုရင်လည်း တရားစွဲလို့တောင် ကုန်မှာမဟုတ်ဘူး။ တရားမစွဲချင်လို့ ဥပဒေထုတ်ဖို့ ပြောတာ” ဟုလည်း လွှတ်တော်အစည်းအဝေးအပြီးတွင် ဦးမောင်မြင့်က သတင်းထောက်များကို ပြောသည်။

စာပေဟောပြောပွဲများ စနစ်တကျရှိစေရန် ၂၀၁၂ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိခြင်းကြောင့် စာပေဟောပြောပွဲဥပဒေ ရေးဆွဲထုတ်ပြန်ရန် အစီအစဉ်မရှိကြောင်း ပြန်ကြားရေးဝန်ကြီး၊ ဒေါက်တာဖေမြင့်က လွှတ်တော်တွင် လာရောက်ဖြေကြားခဲ့သည်။

“စာပေဟောပြောပွဲကျင်းပခြင်းနဲ့ ဟောပြောဆွေးနွေးမှုများဟာ တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့ ငြိစွန်းရင် ငြိစွန်းသည့်အလျောက် ထိခိုက်နစ်နာသူမှ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ပါတယ်” ဟု ဒေါက်တာဖေမြင့်က ဆိုသည်။

၂၀၁၂ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအား တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(စ)တွင် “အများပြည်သူသို့ ဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့အရ ပွဲများကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံ အသိပေးတင်ပြပြီး တာဝန်ယူ၊ တာဝန်ခံပြီး ကျင်းပစေခြင်း” ဟူ၍ ဖော်ပြထားသည်။

အစိုးရက ဥပဒေရေးဆွဲထုတ်ပြန်ရန် အစီအစဉ်မရှိသောကြောင့် စာပေဟောပြောပွဲဥပဒေကြမ်းတစ်ရပ်အား ကိုယ်တိုင်ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းမည်ဟု ဦးမောင်မြင့်က ဆိုသည်။

“နယ်မြေတစ်နယ်မြေမှာ စာရေးဆရာတွေက တစ်နှစ်ကို ဟောပြောပွဲ အခါ ၂၀လောက် လာလုပ်မယ်ဆိုရင် ညီလေးတို့ ကြိုက်မလား။ ပြောတာတွေ အကုန်လုံးကလည်း အစိုးရကို ဆန့်ကျင်တယ်၊ ပုတ်ခတ်တယ်။ ဒါတွေဆိုလို့ရှိရင် နောက်ပိုင်းမှာ ဘာဖြစ်လာမလဲဆိုတော့ ယုံကြည်ချက်မတူတဲ့ အုပ်စုနှစ်စုရဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တာပေါ့” ဟု ၎င်းက ဝေဖန်သည်။

ဦးမောင်မြင့်၏ ဝေဖန်ချက်အပေါ် စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)က "ကျွန်တော်ပြောချင်တာက ၉၉ရာခိုင်နှုန်းသော စာရေးဆရာတွေက ဘယ်ပါတီဝင်မှ မဟုတ်ဘူး။ ဘယ်ပါတီကိုမှ ဘက်လိုက်ပြီး ကျွန်တော်တို့ ပြောစရာ မလိုဘူး။ နောက် နှစ်အချက်က စာရေးဆရာတွေရဲ့ ရပ်တည်ချက်က ဓမ္မနဲ့ အဓမ္မဆိုရင် ဓမ္မဘက်က ရပ်တည်ပြီး ပြောတယ်ဗျ။ သုံးအချက်က ဓမ္မဘက်မှာရှိတဲ့ပါတီက သူ့ဘက်ကလိုက်တယ် ပြောမှာပေါ့။ ဓမ္မဘက်မှာမရှိတဲ့ပါတီက သူ့ဘက်မလိုက်ဘူး ပြောမှာပေါ့။ ကျွန်တော်မြင်တာတော့ အဲ့ဒါပဲ" ဟု မှတ်ချက်ပြုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly