တားမြစ်ဆေးများအသုံးပြုသော စားသောက်ကုန်လုပ်ငန်းများကို အရေးယူပိတ်သိမ်းသွားမည်

တားမြစ်ဆေးများအသုံးပြုသော စားသောက်ကုန်လုပ်ငန်းများကို အရေးယူပိတ်သိမ်းသွားမည်
Photo-YGN FDA

ဇူလိုင် ၁၃ ။             ။ စားသောက်ကုန်များတွင် ဖော်မလင်(Formalin) များ၊  တားမြစ်ထားသောဆိုးဆေး အသုံးပြုသော လုပ်ငန်းများကို အရေးယူပိတ်သိမ်းသွားမည်ဟု အစားအသောက်နှင့်   ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် ၏ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်စောလှက ယနေ့ ဇူလိုင်လ ၁၃ ရက်တွင် ပြောသည်။

"မမှန်မကန်လုပ်တဲ့လုပ်ငန်းတွေကတော့ ပိတ်သိမ်းခံရမယ်။ အရေးယူခံရမယ်ဆိုတာ အမျိုးသား အစားအသောက်ဥပဒေ၊ စားသုံးသူကာကွယ်ပေးရေးဥပဒေ၊ သက်ဆိုင်ရာစည်ပင်သာယာ ဥပဒေတွေနဲ့ အရေးယူခံရမှာဖြစ်တယ်ဆိုတာကို အစားအသောက်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေအားလုံးကို သိစေလိုပါတယ်” ဟု ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်စောလှက ပြောသည်။

ယနေ့ ဇူလိုင်လ ၁၃ ရက်၊ မနက် ၄နာရီခန့်တွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာဈေးရှိ ပဲသွေး၊ ပဲပြားဆိုင်များကို  ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာတွင်  စားသုံးရန်မသင့်တဲ့ Formalin ဓာတ်ပါဝင်တဲ့ ပဲသွေး ၇၀၀၀ခန့် တွေ့ရှိခဲ့ပြီး စားသုံးရန်မသင့်သောကြောင့် ဖျက်ဆီးခဲ့သည်။

ထို့နောက် Formalin ဓာတ်ပါဝင်တဲ့ ပဲသွေးပြား ရောင်းချနေသူများကို မရောင်းချရန် ခံဝန်ထိုးစေပြီး ယခုအကြိမ်သည် ပညာပေးကာလဖြစ်ပြီး နောက်တစ်ကြိမ် စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ဈေးဆိုင်များမှ အရည်အသွေးမကောင်းသော  အစားအသောက်များကို မရောင်းချရန် ပြောထားသည်ဟု FDA မှ သိရသည်။  

"အရည်အသွေးအာမခံချက်မရှိတဲ့အစားအသောက်ကို ဈေးကွက်တင်ခြင်း၊ ရောင်းချခြင်း ဆိုင်တွေ ကလည်း အာမခံချက်ရှိမှန်း၊ မရှိမှန်း မသိတဲ့အစားအသောက်ကို သေချာမှ၊ အာမခံချက်ရှိမှ ဈေးကွက်တင် မရောင်းချပါလို့ ဆရာမအနေနဲ့မှာကြားလိုပါတယ်” ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်စောလှက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက် တွင် FDAအဖွဲ့သည် မှော်ဘီမြို့မဈေးကို သွားရောက်ပြီး ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ ဈေးဆိုင်အများစုတွင် မှတ်ပုံတင်ထား ခြင်းမရှိတဲ့ ဆေးဝါးများနဲ့ မုန့်ဖတ်၊ ပဲပြား ၊ ပဲသွေး၊ ငါးပိ တွေမှာလည်း စားသုံးရန်မသင့်တဲ့ ဓါတုပစ္စည်းတွေအသုံးပြုထားတာကိုလည်း တွေ့ရှိခဲ့သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်ရုံးမှ Formalin ဓာတ်ပါဝင်သည့် ပဲသွေးထုတ်လုပ်သည့် ပင်ရင်းလုပ်ငန်းတွေကို ဆက်လက်ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

ဖော်မလင်သည် ဓာတုပစ္စည်းဖြစ်ပြီး ရေရှည်ခံရန် အသုံးပြုသော ပစ္စည်းဖြစ်ကာ လူများစားသုံးမိပါက ခနာကိုယ်တွင်း ဘေးအန္တရာယ်ဖြစ်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly