မြောက်ကိုရီးယားတွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်

မြောက်ကိုရီးယားတွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်

ဇူလိုင် ၁၃ ။            ။ မြောက်ကိုရီးယားနိုင်ငံ ကမ်းရိုးတန်းအပြင်ဘက် ပင်လယ်ပြင်ကို ဗဟိုပြုပြီးတော့ ဇူလိုင်လ ၁၃ ရက် အစောပိုင်းက အားပြင်းငလျင် တစ်ခု လှုပ်သွားခဲ့တယ်လို့ သိရပါတယ်။  အဆိုပါ ပင်လယ်ရေအောက် ငလျင်လှုပ်မှုဟာ ပြုံယမ်းအာဏာပိုင်တွေရဲ့ နျူစမ်းသပ်မှုတစ်ခုကြောင့် ဖြစ်တာမျိုး မဟုတ်ကြောင်းလည်း တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြလာပါတယ်။

ယင်းနေ့ အစောပိုင်းက မြောက်ကိုရီးယားနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ ချုံကျင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၁၂၀ အကွာ ပင်လယ်ပြင်မှာ ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင် တစ်ခု လှုပ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ ဆိုင်ရာ လေ့လာတိုင်းတာရေးအဖွဲ့ USGS အရ သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားစမ်းသပ်မှု ငါးကြိမ် လုပ်ဆောင်ထားခဲ့ပြီး ၂၀၁၁ ခုနှစ် ခေါင်းဆောင် ကင်မ်ဂျုံအန်း လက်ထက်မှာ ယင်းရဲ့ ဒုံးကျည်စမ်းသပ်မှုပိုင်း သိသိသာသာ တိုးတက်လာနေလျက်ရှိတယ်လို့လည်း သိရပါတယ်။

ယခု ငလျင်ကြောင့် ဆူနာမီ အန္တရာယ်တော့ မရှိခဲ့ကြောင်း၊ ဒါဟာ နျူစမ်းသပ်မှုတစ်ခုလုပ်လို့ ဖြစ်တာမျိုးမဟုတ်ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။ " ဒါ ပုံမှန် ငလျင်လှုပ်မှုပါပဲ" လို့ USGS ရဲ့ ပညာရှင် John Bellini က ပြောပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတကာရဲ့ ကန့်ကွက်မှုတွေကြားကနေပဲ မြောက်ကိုရီးယားတို့က ဒုံးကျည်စမ်းသပ်မှုတွေကို ခပ်စိတ်စိတ်လုပ်ဆောင်ထားခဲ့ရာကနေ ယခုအခါ ယင်းအစိုးရနဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေက မြင့်တက်လာနေလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly