FBI က အနှောင့်အဖွဲ့ ကင်းစေရမည်ဟု ဒေါ်နယ်ထရမ့်ရွေးချယ်ထားသည့် ညွှန်ကြားရေးမှူးပြော

FBI က အနှောင့်အဖွဲ့ ကင်းစေရမည်ဟု ဒေါ်နယ်ထရမ့်ရွေးချယ်ထားသည့် ညွှန်ကြားရေးမှူးပြော

ဝါရှင်တန်၊ ဇူလိုင် ၁၃ ။           ။ နောင် FBI ညွှန်ကြားရေးမှူးသစ်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရွေးချယ်ထားသော ခရစ္စတိုဖာရေးက လွှတ်တော်ရှေ့မှောက် ပထမဆုံးကြားနာမှုတွင် ဖွဲ့စည်းပုံကို ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်ကာ FBI ၏ အနှောင့်အဖွဲ့ကင်းလွတ်မှုကို ကျိန်းသေစေရမည်ဖြစ်ကြောင်း ပြောသည်။

“FBI ရဲ့ အခန်းကဏ္ဍနဲ့ ညွှန်ကြားရေးမှူးရဲ့ အခန်းကဏ္ဍဆိုတာ နိုင်ငံရေးဘက်လိုက်မှုတွေက လွတ်ကင်းတာပဲဖြစ်ပါတယ်။”ဟု အသက် ၅၀ နှစ်ရှိသူ ရေးက ပြောသည်။

“ကျွန်တော်အတွက် အဓိကဟာ ခုလုပ်ငန်းတာဝန်ကို မှန်ကန်တဲ့ တစ်လမ်းတည်းကနေ ထမ်းဆောင်သွားဖို့ပါ။ အနှောင်အဖွဲ့ကင်းကင်း လွတ်လပ်ရမယ်၊ စည်းမျဉ်းစည်းကမ်းနဲ့ ညီမယ်၊ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ် သစ္စာစောင့်သိမယ်၊ ဥပဒေစိုးမိုးရေးကို လိုက်နာမယ်၊ အဖွဲ့အစည်းရဲ့ ကျင့်ထုံးတွေအပေါ် စောင့်ထိန်းသွားမယ်လို့ ယုံကြည်ထားပါတယ်။”ဟု ၎င်းက ဆိုသည်။

မေလအတွင်းက သမ္မတ ထရမ့်သည် FBI ညွှန်ကြားရေးမှူး ဂျိမ်းကိုမီကို ရာထူးက နုတ်ပယ်လိုက်ခြင်းဖြစ်သည်။ သမ္မတ ထရမ့်က ၎င်းအပေါ် သစ္စာခံခိုင်းခဲ့သည်ဟု ကိုမီက နောက်ပိုင်းတွင် ဖွင့်ထုတ်ပြောသည်။

“ခုကာလအတွင်း လူပုဂ္ဂိုလ် တစ်စုံတစ်ဦးကမှ သူ့အပေါ် ကျွန်တော်ကို သစ္စာခံခိုင်းတာမျိုး မရှိပါ။ ကျွန်တော် သစ္စာခံ စောင့်သိမှာက ဖွဲ့စည်းပုံနဲ့ တရားဥပဒေ စိုးမိုးရေးပဲဖြစ်ပါတယ်။”ဟု ရေးက ပြောသည်။

ရေးသည် သမ္မတ ဂျော့ချ်ဘုရှ်လက်ထက်အတွင်း ၂၀၀၃ မှ ၂၀၀၅ ခုနှစ်ကြား တရားရေးဌာန ရာဇဝတ်မှုဌာနခွဲတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယင်းအချိန်က ကိုမီသည် လက်ထောက်ရှေ့နေချုပ်အဖြစ် တာဝန်ယူထားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly