အဲဗာတန်၏ ရာသီကြိုခရီးစဉ်တွင် ကစားသမားသစ်များ ပါ၀င်သော်လည်း ဘာကလေ ကျန်ရစ်

အဲဗာတန်၏ ရာသီကြိုခရီးစဉ်တွင် ကစားသမားသစ်များ ပါ၀င်သော်လည်း ဘာကလေ ကျန်ရစ်

ဇူလိုင် ၁၂၊ အင်္ဂလန် ။         ။ အဲဗာတန်အသင်း၏ ရာသီအကြိုခြေစမ်းပွဲခရီးစဉ်တွင် ကစားသမားသစ်များဖြစ်သည့် ရွန်နီ၊ ကလက်ဆန်နှင့် မိုက်ကယ်ကိန်းတို့ ပါဝင်သော်လည်း အဓိကကွင်းလယ်ကစားသမားဘာကလေ ကျန်ရစ်ခဲ့သည်။

တန်ဇန်နီးယားသို့သွားမည့် အဲဗာတန်အသင်း၏ ကစားသမား ၂၅ ဦးစာရင်းတွင် ပါဝင်မှုမရှိသောကြောင့် ဘာကလေ၏ အဲဗာတန်ကစားသမားဘဝအနာဂတ်မှာ သေချာမှုမရှိတော့ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

ဘာကလေ၏ လက်ရှိစာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ရောက်ရှိနေပြီဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်သစ်ချုပ်ဆို နိုင်ခြင်းမရှိသေးပေ။ အဲဗာတန်နည်းပြ ကိုးလ်မန်းက ဘာကလေအနေဖြင့် စာချုပ်သစ်ချုပ်ရန် မပြင်ဆင်ပါက ရောင်းချသင့်ပြီဟု အသင်းကို အသိပေးထားသည်။

အဲဗာတန်အသင်းက ဘာကလေအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ဝန်းကျင်အလိုရှိနေပြီး စပါးနှင့် အာဆင်နယ်အသင်းတို့က ၎င်းကိုခေါ်ယူရန် စောင့်ကြည့်နေကြသည်။

ဘာကလေကို စိတ်ဝင်စားသည့် အသင်းများရှိနေသော်လည်း မည်သည့်အသင်းကမှ တရားဝင်ကမ်းလှမ်းထားခြင်း မရှိသေးပေ။ လက်ရှိတွင် အဲဗာတန်အသင်းသည် ဘာကလေ၏ နေရာအတွက် ကလက်ဆန်ကိုခေါ်ယူထားပြီးဖြစ်သလို ဆွမ်ဆီးကစားသမား ဆီဂတ်ဆင်ကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေသည်။ ထို့အပြင် အာဆင်နယ်တိုက်စစ်မှူး ဂီရော့ဒ်နှင့် ပဲလေ့စ်တိုက်စစ်မှူး ဘန်တီကီကိုလည်း ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly