ဘိုင်ယန်မြူးနစ်တွင် ဂျိမ်းရိုဒရီဂွက်ဇ်ဆေးစစ်မှုများပြုလုပ်၊ ကြီးမားသည့်အောင်မြင်မှုများရမည်ဟု မျှော်လင့်ကြောင်းဆို

ဘိုင်ယန်မြူးနစ်တွင် ဂျိမ်းရိုဒရီဂွက်ဇ်ဆေးစစ်မှုများပြုလုပ်၊ ကြီးမားသည့်အောင်မြင်မှုများရမည်ဟု မျှော်လင့်ကြောင်းဆို

ဇူလိုင် ၁၂၊ ဂျာမနီ ။            ။ ကိုလံဘီယာကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ဘိုင်ယန်မြူးနစ်အသင်းသို့ရောက်ရှိလာပြီဖြစ်ပြီး ဆေးစစ်မှုများ ပြုလုပ်ခဲ့သည်။ ရိုဒရီဂွက်ဇ်သည် မြူးနစ်သို့ ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

ရီးယဲလ်နည်းပြ ဇီဒန်း၏ လက်အောက်တွင် ပွဲထွက်ခွင့်နည်းပါးသည့်အတွက် ရိုဒရီဂွက်ဇ်သည် ဘိုင်ယန်သို့ ၂ နှစ်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာခြင်းလည်း ဖြစ်သည်။

ဆေးစစ်မှုများပြုလုပ်ခဲ့ပြီးနောက်တွင် ဂျိမ်းစ်က ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ကြီးမားသည့်အောင်မြင်မှုများ ရရှိရန် မျှော်လင့်ထားကြောင်းဆိုသည်။

‘ကျွန်တော်တကယ်ကိုပျော်ရွှင်ပြီး စိတ်လှုပ်ရှားမိပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့အဆင့်အတန်းနဲ့ ဒီအသင်းက ဘယ်လိုအသင်းမျိုးလဲဆိုတာ အားလုံးသိပြီးသားပါ။

ကျွန်တော့်အတွက် ယဉ်ကျေးမှုအသစ်၊ ကလပ်အသင်းအသစ်နဲ့ဘဝအသစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အမှန်တကယ်ကို စိတ်အားတက်ကြွနေပါတယ်။ ကျွန်တော့်မှာ ကြီးမားတဲ့အိပ်မက်ရှိနေပြီး ဘိုင်ယန်နဲ့အတူ ခမ်းနားတဲ့အောင်မြင်မှုတွေ ရရှိမယ်လို့ မျှော်လင့်ထားပါတယ်’ ဟု ရိုဒရီဂွက်ဇ်က ပြောဆိုခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ဂျိမ်းစ်ကို ၂ ရာသီအငှားခေါ်ယူခဲ့သည့်အတွက် ပေါင် ၉ သန်းပေးချေရမည်ဖြစ်ပြီး ၂၀၁၉ တွင် အပြီးသတ်ခေါ်ပါက ပေါင် ၃၁ သန်းထပ်မံပေးချေရမည် ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် Audi Summer Tour အဖြစ် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ လာမည့်တနင်္ဂနွေတွင်သွားရောက်မည်ဖြစ်ပြီး ဂျိမ်းလည်း အသင်းဖော်သစ်များနှင့်ပူးပေါင်းမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly