အစွန်းရောက်အဖွဲ့အစည်းများကို တားမြစ်ပိတ်ပင်နိုင်သည့် အမိန့် ဒီဂရီတစ်ခု အင်ဒိုနီးရှား ထုတ်ပြန်

အစွန်းရောက်အဖွဲ့အစည်းများကို တားမြစ်ပိတ်ပင်နိုင်သည့် အမိန့် ဒီဂရီတစ်ခု အင်ဒိုနီးရှား ထုတ်ပြန်

ဇူလိုင် ၁၂ ။          ။ နိုင်ငံတွင် အစိုးရ၏ တရားဝင် သဘောထားရပ်တည်ချက်အပေါ် ဆန့်ကျင်သည့် ဂိုဏ်းဂဏအဖွဲ့အစည်းများကို တားမြစ်ဖျက်သိမ်းပိုင်ခွင့်ရှိမည့် အမိန့် ဒီဂရီတစ်ရပ်ကို အင်ဒိုနီးရှားအစိုးရက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မွတ်ဆလင်အများစု နေထိုင်ရာ အဆိုပါနိုင်ငံတွင် အစွန်းရောက်ဝါဒီ သဘောထားတင်းမာသူများ၏ သြဇာလွှမ်းမိုးမှု ကြီးထွားလာနေမှုအပေါ် စိုးရိမ်ပူပန်မှုများ ရှိလာနေချိန် အထက်ပါ အမိန့် ဒီဂရီကို သမ္မတ ဂျိုကို ဝီဒိုဒိုက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခု ထုတ်ပြန်လိုက်သော အမိန့်အရ မူမတူ ယှဉ်တွဲနေထိုင်မှုကို အားပေးသည့် နိုင်ငံ၏ စည်းမျဉ်းအပေါ် ဆန့်ကျင်စိန်ခေါ်လာသည့် အဖွဲ့အစည်းမှန်သမျှကို ဖျက်သိမ်းပိုင်ခွင့်ရှိသည့် အာဏာ အစိုးရထံသို့ အပ်နှင်းလိုက်ပြီ ဖြစ်သည်။

နိုင်ငံ၏ မူအရ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓ ဘာသာဝင်များ မှီတင်းနေထိုင်ရာ နိုင်ငံတွင် အတူတကွ ယှဉ်တွဲပေါင်းစည်းနေထိုင်ရေးကို ရည်ညွှန်းထားခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်ကာလတွင် အချို့သော အဖွဲ့အစည်းများက နိုင်ငံ၏ ရပ်တည်ချက်အပေါ် ခြိမ်းခြောက်နေပြီး လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခဖြစ်စေရန် ဖန်တီးလှုံ့ဆော်နေခြင်းကြောင့် ယခု  အမိန့်ကို ထုတ်ပြန်လိုက်ရခြင်းဖြစ်ကြောင်း လုံခြုံရေးဝန်ကြီး Wiranto က ပြောသည်။

သို့ရာတွင် အစိုးရ၏ ယခုအမိန့်ထုတ်ပြန်ချက်မှာ နိုင်ငံတွင်းရှိ မွတ်ဆလင်အားလုံးကို အုပ်စုတစ်စုတည်းအဖြစ် စည်းရုံးထူထောင်နိုင်ရန် ကြိုးပမ်းနေသည့် အဖွဲ့ဖြစ်သော Hizb ut-Tahrir Indonesia ကို ဖျက်သိမ်းနိုင်ရန် ရည်ရွယ်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly