ခရီးသည် အပိုမတင်သည့် YBS ၂၁ သီးသန့်ဘတ်စ်ကားများအား ယာဉ်အစီးရေ ၃ဝ ထိ တိုးချဲ့ပြေးဆွဲရန် ပြင်ဆင်နေ

ခရီးသည် အပိုမတင်သည့် YBS ၂၁ သီးသန့်ဘတ်စ်ကားများအား ယာဉ်အစီးရေ ၃ဝ ထိ တိုးချဲ့ပြေးဆွဲရန် ပြင်ဆင်နေ

ရန်ကုန်၊ ဇူလိုင်လ ၁၂ ။           ။ ခရီးသည်အပိုတင်ဆောင်ခြင်းမရှိဘဲ ဝန်ဆောင်မှုအပေါ်ကြည့်၍ ယာဉ်စီးခပေးချေသည့်စနစ်ဖြင့် ပြေးဆွဲပေးနေသော YBS ၂၁ သီးသန့်ဘတ်စ်ကားများအား ယာဉ်အစီးရေ ၃ဝ ထိတိုးချဲ့ပြေးဆွဲနိုင်ရန် ပြင်ဆင်နေပြီဟု Power Eleven အများပိုင်ကုမ္ပဏီမှ ၂၁ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ YBS ၂၁ သီးသန့်ဘတ်စ်ကားများကို ဧပြီလ ၄ ရက်နေ့မှ စတင်ကာ ယာဉ်အစီးရေ ၁၃ စီးဖြင့် စမ်းသပ် ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ယာဉ်အစီးရေ ၃ဝ ထိတိုးချဲ့ပြေးဆွဲနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

“ပြေးဆွဲဖို့အတွက် ရက်အနေနဲ့ကတော့ အတိအကျပြောဖို့ အနည်းငယ်အခက်အခဲရှိပါတယ်။ ကြာတော့ မကြာတော့ပါဘူး။ ခရီးသွားပြည်သူက ဒီဝန်ဆောင်မှုအပေါ်မှာ လက်ခံတယ်ဆိုရင် ဒီထက် ထပ်တိုးလာမှာပါ။ ကျွန်တော်တို့ရဲ့ မူလရည်ရွယ်ချက်မှာလည်း ပါပါတယ်။ ဝန်ဆောင်မှုတိုးမြှင့်ရေးပေါ့နော်။ ခရီးသွားပြည်သူတွေ သက်ထောင့်သက်သာနဲ့၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေ သူတို့ သက်ထောင့်သက်သာနဲ့ သွားနိုင်ဖို့အတွက်ကို ရည်ရွယ်ပြီးလုပ်ခဲ့တာပါ”ဟု ကိုတရုတ်လေးက ပြောသည်။

အဆိုပါ သီးသန့်ဘတ်စ်ကားများမှာ ဒညင်းကုန်းလမ်းဆုံမှ မော်တင်ထိ ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ဘတ်စ်ကား များပေါ်တွင် အဲကွန်း၊ CCTV ၊ GPS စနစ်များအပါအဝင် နံရံကပ်ပန်းချီများ၊ အရုပ်များ၊ ပန်းအလှများပြင်ဆင် ချိန်ဆွဲထားသည့်အပြင် လူပိုတင်ဆောင်ခြင်းမပြုဘဲ ၄၅ ယောက်စီးနှင့် ၅၅ ယောက်ထိ စီးနင်းနိုင်ရန် ကားအပြည့်ခုံများ တပ်ဆင်ထားခြင်းဖြစ်သည်။

ယင်းဘတ်စ်ကားများတွင် ယာဉ်စီးခများကို သတ်မှတ်ပေးထားခြင်းမရှိဘဲ ယာဉ်ပေါ်တွင် “ဝန်ဆောင်မှုနှင့် ညီ မျှသော ယာဉ်စီးခကို ပေးချေပါ” ဆိုသည့် စာသားများအား ကပ်ထားပြီး ခရီးသွားပြည်သူများက ကျသင့်ငွေကို ဘတ်စ်ကား များပေါ်တွင် အဆင့်မြှင့်တင်ထားသည့် ဝန်ဆောင်မှုအခြေအနေပေါ်ကြည့်၍ ငွေပေးချေရသည့် စနစ်ဖြစ်သည်။

လက်ရှိတွင် YBS ၂၁ ယာဉ်လိုင်းအား Power Eleven အများပိုင်ကုမ္ပဏီမှ ယာဉ်အစီးရေ ၁ဝဝ ကျော်နှင့် ခေတ် သစ်ဘုရင့်နောင်အများပိုင်ကုမ္ပဏီမှ ယာဉ်အစီးရေ ၁၅ဝ ခန့်တို့ဖြင့် အနောက်ပိုင်းတက္ကသိုလ် (ထန်းတပင်) မှ မော်တင်သို့ ပြေးဆွဲပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags