အိုင်အက်စ်အဖွဲ့ဝင်ငါးဦးကို တူရကီ သုတ်သင်ရှင်းလင်း

အိုင်အက်စ်အဖွဲ့ဝင်ငါးဦးကို တူရကီ သုတ်သင်ရှင်းလင်း

ဇူလိုင် ၁၂ ။            ။ နိုင်ငံအလယ်ပိုင်း Konya ဒေသတွင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်မှု နှိမ်နင်းရေး စစ်ဆင်ရေးတစ်ခုအတွင်း အိုင်အက်စ်တပ်သား ငါးဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း တူရကီ အာဏာပိုင်များက ဇူလိုင် ၁၂ ရက်တွင် ပြောသည်။

အကြမ်းဖက်သမားများ ခိုအောင်းနေသည်ဆိုသည့် သတင်းရရချင်း တူရကီရဲတပ်ဖွဲ့က ယင်းဒေသရှိ နေအိမ်တစ်ခုသို့ ဝင်ရောက်စီးနင်းခဲ့ရာတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်သမား ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းစစ်ဆင်ရေးအတွင်း တူရကီ ရဲလေးဦးလည်း ဒဏ်ရာရရှိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အဆိုပါ စစ်ဆင်ရေးနှင့် ဆက်စပ်နေသည့် အခြားသော စီးနင်းမှုများတွင်လည်း နောက် စစ်သွေးကြွ ရှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ Anadolu agency က ထုတ်ပြန်သည်။

တူရကီ ရဲတပ်ဖွဲ့၏ စီးနင်းမှုအတွင်း အကြမ်းဖက်သမားတို့ထံမှ လက်နက်များ၊ ခဲယမ်းမီးကျောက် အများအပြား သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

တူရကီနိုင်ငံတွင် ပြီးခဲ့သည့် ကာလများအတွင်းက အိုင်အက်စ်အုပ်စု နှင့် အခြားသော စစ်သွေးကြွအုပ်စုများ လုပ်ဆောင်သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ပေါ်ပေါက်ထားခဲ့ပြီးနောက် ယခုအခါ အာဏာပိုင်များက နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများကို ပိုမိုအရှိန်မြှင့် ဆောင်ရွက်လာခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly