အညာထန်းလျက်ကို ပုံစံပြောင်း ထုတ်ခဲ့သူ ဒေါက်တာချိုလဲ့အောင်

12 July 2017
အညာထန်းလျက်ကို ပုံစံပြောင်း ထုတ်ခဲ့သူ ဒေါက်တာချိုလဲ့အောင်

အရသာချိုမြတဲ့ မြန်မာ့အစားအစာ အညိုရောင်ထန်းလျက်ခဲတွေကို ရသစုံလင်သွားအောင် ဖန်တီးပေးပြီး မြန်မာတင်မက ကမ္ဘာကိုပါ ချပြနိုင်ခဲ့သူ ဒေါက်တာ ချိုလဲ့အောင်ဖြစ်ပါတယ်။ သူဟာ အသက် ၂၈ နှစ်သာရှိသေးတဲ့ ငယ်ရွယ်သူလူငယ်တစ်ဦးဖြစ်ပြီး ဆေးပညာဘာသာရပ်ကို သင်ကြားခဲ့တဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့်လည်း ဆန်းသစ်တီထွင်ရတာကို ဝါသနာထုံသူ တစ်ယောက် ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ သဘာဝထွက် ထန်းလျက်ကို Tree Food ဆိုပြီး အရသာနဲ့ ထုတ်ပိုးမှုပုံစံကအစ ပြောင်းလဲ ပြုလုပ်ခဲ့တဲ့အတွက် ကမ္ဘာမှာ မြန်မာ့ချောကလက်အဖြစ် သိလာခဲ့ပါတယ်။

စတင်ထုတ်လုပ်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ကနဦးပိုင်းမှာတော့ ဈေးကွက်ထဲ ရောင်းချဖြန့်ဖြူးဖို့ အခက်အခဲများစွာကို ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် သူဟာ လက်မလျော့ပဲ အခါခါ ကြိုးစားခဲ့တဲ့အတွက် အခုချိန်မှာတော့ စားသုံးသူတွေရဲ့ အတွေးအခေါ်ကို ပြောင်းလဲနိုင်ခဲ့ပြီး လူတော်တော်များများ သိလာတဲ့ အခြေအနေတစ်ခုကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ သူ တီထွင်ဖန်တီးခဲ့တဲ့ ထန်လျက်ဟာလည်း Tree Food အဖြစ် မြန်မာ့ချောကလက်အဖြစ် နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပါပြီ။

ဒေါက်တာချိုလဲ့အောင်က ထန်းလျက်နဲ့ပတ်သက်တဲ့ သူ့အတွေ့အကြုံနဲ့ သူ့စဉ်းစားတွေးခေါ်ချက်တွေကို အခုလိုပဲ ရှင်းပြပါတယ်။

“ထန်းလျက်ဆိုတာက သူ့ကို မေ့လျော့နေတာကြာပြီ ဒါပေမယ့် အဖိုးတွေ အဖွားတွေခေတ်က စားကြတယ်။ အမေတွေအဖေတွေခေတ်က စားကြတယ်။ သူတို့မှာ သူတို့ရဲ့ Memory လေးတွေ ရှိတယ်။ ဥပမာ အမေက ကြိုက်လွန်းတဲ့အခါကျတော့ အဖိုးက ထန်းလျက်ကို ဖွက်ဖွက်ပြီးတော့ ကျွေးတယ်။ ဒါမှမဟုတ်ရင် မီးဖိုချောင်ရဲ့ ဘယ်နားမှာ သွားပြီးတော့တင်ပြီးတော့ ဖွက်ထားတာတို့ အဲဒါကို အမေကသိတော့ ယူပြီးတော့ စားတာတို့ပေါ့နော်။ ဆိုတော့ သူတို့မှာ Memory လေးတွေရှိတယ်။ သူတို့မှာ History လေးတွေရှိတယ်။ Story လေးတွေရှိတယ်။ အဲဒီအခါမှာ လူငယ်တစ်ယောက်က အော် ဒါ အသစ်အဆန်း ထုတ်ပိုးမှုပုံစံလှတယ် ဒါ အခုခေတ်နဲ့ သစ်ဆန်းနေတယ်။ ဆိုတော့ လူငယ်တစ်ယောက်က ဒါလေးကို ဝယ်သွားမယ်ဆိုရင် ထမင်းစားပြီးတော့ ဖောက်စားတဲ့အခါ ဘာပဲပြောပြော ကိုယ်တွေမှာလည်း ရှိတယ်လေ။ လူကြီးနဲ့လူငယ်ဆိုတာက ပြောစရာတွေကရှိတယ် ဒါပေမယ့် ဒီအထုတ်လေးကို ဝယ်သွားတဲ့အခါမှာ အမေက အဖွားကြောင်းပြောမယ် အဖွားက အမေကြောင်း ပြောမယ် အဲဒါကို သမီးက နားထောင်ပြီးတော့မှ အော် ဒီထန်းလျက်က ဒီလိုမျိုး History တွေ ရှိပါလားဆိုပြီးတော့ အထူးအမြင်အနေနဲ့ ရှုမြင်စေချင်တယ်ပေါ့နော်။ အဲဒီ မက်ဆေ့လေး ပေးချင်ပါတယ်။

အဓိကကတော့ အစားအသောက်လုပ်မယ်ပေါ့နော် အစားအသောက်လုပ်မယ်ဆိုတော့ အစားအသောက်တွေ လိုက်ရှာတဲ့အခါမှာ ဘာသွားတွေ့လဲဆိုတော့ ထန်းလျက်ကို သွားတွေ့တယ်ပေါ့နော်။ အဲဒီလို ပထမဆုံး သူ့ကို ပြန်တွေ့တဲ့အခါမှာ သူ့ကို မစားရတာ တော်တော်ကြာပြီ သူ့ကို သတိမထားမိလိုက်တာ အမှန်တော့ သူ့ကိုတော့ တွေ့တော့တွေ့နေတယ် သတိတော့ မထားမိဘူး။ ဒါပေမယ့် တစ်နေ့မှာ ထမင်းစားပြီးတဲ့အခါမှာ ဘူးလေးနဲ့ လာချတယ် အဲမှာ ငယ်ငယ်တုန်းကကို ပြန်သတိရသွားတယ်။ ထန်းလျက် စားချင်ပြီးပေါ့နော်။

အဲဒီအချိန်မှာ စားလိုက်တယ် စားလိုက်တဲ့အခါမှာ ကိုယ်လည်းထင်ပါတယ် လူတွေများများက ထန်းလျက်ကို မေ့လျော့နေကြပြီ ဘာဖြစ်လို့လဲဆိုတော့ အဓိကကတော့ ဘေးနားမှာရှိနေတဲ့ တစ်ဖျက်ဖျက် တစ်လက်လက်နဲ့ ထုတ်ပိုးမှုတွေ အရသာအသစ်အဆန်းတွေနဲ့ နိုင်ငံခြားကဝင်တဲ့မုန့်တွေ ထန်းလျက်ကို မှေးမှိန်နေတဲ့ အရာမျိုးကို တန်ဖိုးထားဖို့ မေ့နေကြတယ်။

Tree Food စလုပ်တော့ လုပ်တဲ့ဟာတွေအကုန်လုံးကို အိမ်ကမသိဘူး။ သိတာဆိုလို့ အိမ်က အမတစ်ယောက်ပဲသိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကလည်း သူ့ဆီက မုန့်ဖိုးလေး တောင်းရတာကို။ သူကတော့ ကိုယ့်ကို ပံ့ပိုးပေးတယ်။ အိမ်ကတော့ လုံးဝ မသိဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အသိမပေးခဲ့တာပေါ့။ အရင်တုန်းက ဆိုရင် ပန်ချီဆွဲတယ်။ အဲဒါကို သူတို့က သိပ်မကြိုက်ဘူး။ ကိုယ့်မှာက ပြစ်ချက်တွေက အရမ်းများနေတာကို ဆေးကျောင်းပြီးတော့ ဆရာဝန်မလုပ်ဘူး ယောင်လည်လည်လုပ်နေတယ်။ တဖြည်းဖြည်း ပြစ်ချက်တွေ များလာတဲ့အခါကျတော့ နောက်ပိုင်းလုပ်တာတွေကို မပြောပြချင်တော့ဘူး။ ပြောပြရင် စိတ်ပျက်စရာတွေပဲ ကြားနေရရင် ဘာလုပ်မှာလဲပေါ့။ ကိုယ်လုပ်ချင်တာကိုပဲ ဆက်လုပ်မယ်ဆိုပြီးတော့ နောက်ဆုံးကျတော့ မီဒီယာတစ်ခုမှာ ပါလာတော့မှ သူတို့က စသိတာပေါ့။ အော် ဒါလုပ်တယ်ပေါ့။

ရန်ကုန်နဲ့နီးတဲ့ ထန်းတောတွေကိုသွားတယ်။ ဘာကြောင့် အသေးမထုတ်တာလဲဆိုတော့ အသေးထုတ်ပါလို့ ပြောတယ်။ အဲဒီကဦးလေးကြီးကပြောတယ် မဖြစ်နိုင်ဘူးသမီးတဲ့ ထန်းလျက်ရဲ့ ပညာရပ်က အရမ်းနက်တယ်တဲ့ ဒါပေမယ့် သူပြောတာလည်း မမှားခဲ့ပါဘူး။ ဟုတ်ကဲ့ မရဘူးဆိုရင် ကိုယ့်ဘာသာကိုယ် လုပ်ကြည့်မယ်ပေါ့နော်။ အဲဒီကနေလုပ်တယ် စစလုပ်တုန်းကတော့ အရည်တွေပျော်ကုန်တယ်။ အဲဒါနဲ့ စိတ်ပျက်တဲ့အခါကျတော့ ခနလေးထိုင်နေလိုက်ပေါ့ ပြီးတော့ ပြန်လုပ်ပေါ့နော်။ အဲဒီအခါမှာ နောက်ဆုံးကျတော့ သူက အရည်မပျော်တော့ဘူး။ ဒါပေမယ့် အရည်မပျော်တဲ့အခါကျတော့ ကိုယ့်ကိုကိုယ် ပြန်မေးတယ် ကိုယ်က Customer တစ်ယောက်ဆိုရင် အကြီးကနေပြီးတော့ အသေးလေးဖြစ်သွားရင် အဲတော့ ဘာဖြစ်လဲဆိုတော့ ဘာမှမဖြစ်သေးဘူး။ အဲတော့ လူတွေရဲ့ အာရုံစူးစိုက်မှုတစ်ခုတော့ ရှိရမယ်။ မှေးမှိန်နေရာကနေ နည်းနည်းလေး လင်းလာလို့ရှိရင် ထပ်လင်းဖို့ လိုအပ်တယ်ပေါ့နော်။ ဆိုတော့ သူ့ကို အခြားသော အရသာတွေ ထည့်လိုက်တယ်။ ရွေးချယ်စရာတွေ ပေးလိုက်တယ်ပေါ့နော်။ အဲဒီအချိန်မှာ Tree Food ဆိုပြီးတော့ စဖြစ်လာတာပေါ့။

စစချင်းကာလက ပြောမယ်ဆိုရင် ကိုယ်က ယုံကြည်မှု မရှိခဲ့ဘူး။ မရှိဘူးဆိုတာက Prefect ကို အရမ်းဖြစ်ချင်တာလေ။ တစ်ခုခုလုပ်ရင် Perfect ဖြစ်မှ ဆိုတဲ့ဟာမျိုးက စွဲနေတယ် စွဲနေတဲ့အခါကျတော့ အဲလိုလေးလုပ်လိုက် သူငယ်ချင်းတွေကို သွားကျွေးလိုက် သူငယ်ချင်းတွေက ကြိုက်တယ် ကောင်းတယ်ပေါ့နော် ပြင်လိုက်နဲ့ တစ်ရက်ကျတော့ သူငယ်ချင်းတစ်ယောက်က သွားတဲ့ နင်ရောင်းတော့တဲ့ အခုချက်ချင်း ဖေ့ဘုတ်ပေ့စ် ကို ဖွင့်တဲ့။ အခုချက်ချင်း ထလုပ်တော့တဲ့ ရောင်းလို့ရပြီတဲ့ အဲလိုဆိုတော့လည်း ကြောက်နေတယ်။ အဲဒီကနေ လုပ်ကြည့်လိုက်ပါမယ်ဆိုပြီးတော့ Facebook Page လေး ဖွင့်ပြီးတော့ တစ်ရက်ကျတော့ ဘာလုပ်ရမှန်းမသိတော့ ဆရာကို သွားကျွေးတယ်။ ဆရာ ဒါလေး စားကြည့်ပါဦးပေါ့ သမီးလုပ်ထားတာ ပေါ့နော်။ ပုလင်းလေးတွေနဲ့ သပ်သပ်ရပ်ရပ် Facebook Page ပေါ်မှာ တင်ပေးလိုက်တဲ့အခါ လူတွေသိသွားတာပေါ့။ သိသွားပြီးတော့ ပထမဦးဆုံး Customer ရတယ်။ အဲဒါက လှမ်းဆက်သွယ်ပြီးတော့ အမြည်းဝယ်မယ်ပေါ့ အမြည်းကျွေးပါပေါ့။ စားကြည့်ပြီးတော့ ကြိုက်ရင် ဝယ်မယ်ပေါ့ အဲဒီကနေစပြီးတော့ Tree Food က အပြင်လောကကို စပြီးတော့ ခြေတစ်လှမ် းလှမ်းလိုက်တယ်ပေါ့နော်။ 

အဓိကကတော့ အရသာလေးမျိုး ထုတ်တယ်ဆိုတာက ဥပမာ နိုင်ငံခြားသားတွေ ဘာအ၇သာ ကြိုက်လဲဆိုတာ တချို့အရသာတွေက သူတို့အတွက် အဆင်ပြေသလို မပြေတာတွေလည်းရှိတယ်။ ဒါပေမယ့် ဇီးမဆလာကို ပြောရမယ်ဆိုရင်တော့ တကယ်တော့ နိုင်ငံခြားသားလို့ ဆိုတဲ့အခါမှာ အရှေ့တိုင်းရှိတယ် အနောက်တိုင်းရှိတယ် အများကြီးရှိတယ်ပေါ့နော်။ ဆိုတော့ ဘယ်နေရာကို Target ထားပြီးတော့ ဘယ်ဟာကို ထုတ်မှာလဲဆိုတာ အဲလိုမျိုးလေး စဉ်းစားပြီးတော့ ထုတ်တာ အမှန်တော့ ရိုးရိုးရှင်းရှင်းလေးပေါ့နော်။

ညီမက ဘာဖြစ်ချင်လဲဆိုတော့ အိုင်းစတိုင်းလ်လိုပဲ ဖြစ်ချင်တာ။ သိပ္ပံပညာရှင်ကြီး ဖြစ်ချင်တာ။ သူ့လိုမျိုး တီထွင်ချင်တယ်။ ပြီးတော့ သူ့ရဲ့ အိုင်ဒီယာတွေက အဆန်းတွေ အဲလိုမျိုး အဆန်းတွေကို အရမ်းသဘောကျတာ။ လျှောက်တွေးနေရတာတွေကို သဘောကျတယ်။ ကျောင်းမှာဆိုရင်လည်း အဲလိုမျိုး လျှောက်ပြီးတော့ ကလိရတာကို သဘောကျတယ်ပေါ့။ အဲဒီအချိန်မှာ ကိုယ်က တစ်ခုခုကို ပြန်ပြီးတော့ စဉ်းစားမိတယ်။ ကိုယ့်ဆီမှာ ရှိနေတာက ကိုယ့်လက်နှစ်ဖက်ပဲ ရှိနေတာပေါ့နော်။ ကိုယ့်လက်နှစ်ဖက်နဲ့ ကိုယ့်ဦးနှောက်ပဲ ရှိနေတာဆိုတော့ အဲဒါအပေါ်မှာ မူတည်ပြီးတော့လည်း တီထွင်မှုတွေ ပြုလုပ်လို့ရတာပဲ။ ဆိုတော့ အခု Tree Food ကလည်း ဒီလက်နဲ့ ဦးနှောက်ကပဲ ထွက်လာတယ်လို့ပဲ ပြောရမှာပေါ့လေ။ ဒါပေမယ့် တကယ်တမ်းသာ ကိုယ့်ဦးနှောက်ထဲမှာ တခြားသော အရာတွေ ရှိနေမယ်ဆိုရင် တီထွင်မှုက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် တီထွင်တယ်ဆိုတာက ကိုယ့်ရဲ့ အသွေးအသားထဲက လာတဲ့ နိုးကြွတဲ့ စိတ်ဓာတ်ပေါ့။ အဓိက ဖြစ်ချင်ဆုံးကတော့ တီထွင်ကြံဆတဲ့လူဖြစ်ချင်တယ်။ အောင်မြင်တဲ့လူဖြစ်ချင်တယ်။

Mizzima Weekly