ကြောက်တာ တစ်ခုထဲ သိတယ်

ကြောက်တာ တစ်ခုထဲ သိတယ်

ပြီးခဲ့တဲ့ အပတ်က စောင့်ကြည့်မှာ မောင်မှန် ရေးခဲ့တယ်။ မောင်မှန် ထောင်ကျမခံနိုင်၍ဆိုပြီး ၆၆(ဃ)နဲ့ ပတ်သက်တာကို လေကြီးလေကျယ် ရေးခဲ့တယ်။ (တကယ်တော့ ခေါင်းစဉ်ကသာ ကျယ်တာပါ။ အတွင်းသားက မကျယ်ပါဘူး။ ကျဉ်းပါတယ်။ သို့သော်လည်း ဘာလိုလို ညာလိုလိုဟန် ကိုယ်ဖု့ိပေါ့လေ) ရေးလို့မှဖြင့် မှင်မခြောက်သေးဘူး ခရ(၁)တဲ့။ နောက်တစ်ခါလာပြန်ချီသေး။ အမလေးလေး။ ကြောက်ပါတယ်ဆိုနေမှ တစ်မှုပြီးတစ်မှု ထုတ်ပြနေပြန်ပါပြီ။

မောင်မှန်က သတင်းသမား စစ်စစ်မဟုတ်ပေမဲ့ သတင်းနဲ့ဆက်နွယ်တဲ့ စာတွေ ရေးသားနေသူဆိုတော့ သတင်းသမားတွေရဲ့ ပြဿနာကို ကိုယ့်ပြဿနာလို့ သဘောထားပါတယ်။ ဇွန်လကုန်ပိုင်းမှာ DVB သတင်းဌာနနဲ့ ဧရာဝတီ သတင်းဌာနက သတင်းထောက်တွေ ပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆို ချုပ်နှောင်ခံကြရတယ်။ (သတင်းအသေးစိတ်ကို တော့ အများသိပြီးဖြစ်လို့ မောင်မှန် ထပ်မဖော်ပြတော့ပါဘူး) DVB တို့ ဧရာဝတီတို့ဆိုတာ ပြည်ပကနေ ပြန်ဝင်လာတဲ့ သတင်းဌာနကြီးတွေ၊ DVB ဆို စစ်အာဏာရှင်ဆန့်ကျင်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပြီး ပြည်ခိုင်ဖြိုး အစိုးရလက်ထက်မှာ   ပြည်တွင်းမှာ ပြန်အခြေပြုခဲ့တာ။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ လက်တွဲဆောင်ရွက်ခဲ့တာ၊ ဒါမျိုးကြီးတွေလည်း ဖြစ်တတ်ပါလားလို့သာ မောင်မှန် သံဝေဂ ယူစရာ ရှိပါတယ်။

သတင်းသမားတွေနဲ့ ၁၇(၁)ကိစ္စကို ဖြစ်ထိုက်တယ်၊ မဖြစ်ထိုက်ဘူး၊ ဥပဒေနဲ့ညီတယ်၊ မညီဘူး အစရှိသည်ဖြင့် အမျိုးမျိုး ပြောဆိုယူဆ ရေးသားကြပေမယ့် မောင်မှန်ကတော့ ဘာမှ မပြောဝံ့ပါဘူး။ တကယ်အဒေါ်ရယ် မှန်ကတော့ ကြောက်တာတစ်ခုထဲ သိတယ်လို့သာ သီချင်းလေးညည်းပြချင်ပါတယ်။ သတင်းသမားတွေအဖို့ ၆၆(ဃ)အပြင် နောက်ထပ် သတိထားစရာ ကြောက်စရာ တိုးလာတယ်လို့သာ ဆိုလိုက်ပါရစေခင်ဗျာ။

Freedom From Fear ဆိုပေမယ့် ဖီးယားနိုင်သူတွေသာ ဖီးယားပြီး မဖီးယားနိုင်သူတွေလည်း မနည်းမနော ရှိနေဆဲပါ။ ဇွန်လ ၂၇ ရက်နေ့က သခင်ဘဟိန်း နှစ်တစ်ရာပြည့် အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ယုဒဿန် ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သခင်ဘဟိန်းဆိုတာ မောင်မှန်တို့ တစ်မျိုးသားလုံး လေးစားမြတ်နိုးတန်ဖိုးထားကြရမယ့် အမျိုးသားလွတ်မြောက်ရေး   ခေါင်းဆောင်တစ်ယောက် မဟုတ်ပါလား။ သူ့ရဲ့ စိတ်ဓာတ်ကို ဆက်ခံသောအားဖြင့် သူ့ကို မမေ့မလျော့သောအားဖြင့် သူ့ကို ဂုဏ်ပြုကြရမယ် မဟုတ်ပါလားခင်ဗျာ။ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်ဆိုတဲ့ သူ့မိန့်ခွန်း ကြွေးကြော်သံဟာ ခုထိ ဗမာတစ်ပြည်လုံးမှာ ဟိန်းညံနေတုန်းပါ။

အဲဒီပွဲမှာ ...... အဲဒီပွဲမှာပေါ့ခင်ဗျာ။ ဟောကြပြောကြသူတွေရဲ့ နောက်ပါးမှာ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေကို တွေ့ရပါသဗျာ။ (မောင်မှန်က အခမ်းအနားကို မရောက်ပါဘူး။ ဓာတ်ပုံတွေထဲမှာ တွေ့တာပါ) သခင်ဘဟိန်း ရာပြည့်ပွဲ တက်ရောက်သူအများစုဟာ အတိုက်အခံ နိုင်ငံရေးသမားတွေ ဖြစ်ပါတယ်။ အာဏာရ အသိုင်းအဝန်းထဲက သိပ်မပါလှဘူး ထင်ပါတယ်။ ဒါပေမဲ့ ပွဲစီစဉ်သူများက   စေတနာထားကြပုံ ရပါတယ်။ အတိုက်အခံတွေရဲ့ လုံခြုံရေးလည်း အာဏာရတွေရဲ့ လုံခြုံရေးနည်းတူ အရေးကြီးတယ်လို့ ယူဆပုံရတယ်။ ပုဂ္ဂလိက လုံခြုံရေးတွေ စီစဉ်ထားလိုက်တယ်။ ဦးကိုနီလေဆိပ်မှာ ဖြစ်သလို လွယ်လွယ်ကူကူတော့ မဖြစ်နိုင်တော့ဘူးပေါ့လေ။ ဘာပဲဖြစ်ဖြစ် လူရှိန်တာပေါ့။ အဖမ်းခံရချိန်၊ ထောင်ကျချိန်ကလွဲလို့ တရားဝင် လုံခြုံရေး အစောင့်အရှောက်နဲ့ တစ်ခါမှ မနေဖူးရှာတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေလည်း မနေဖူးတာ နေဖူးသွားတာပေါ့။ မကြံဖူးပေါင် ဂုဏ်ထူးဆောင် ဖြစ်သွားကြတာပေါ့။

နိုင်ငံရေးသမားနဲ့ လုံခြုံရေး ဝန်ထမ်းတွေ တွဲမြင်လိုက်တော့ ရှစ်လေးလုံးတုန်းက အဖြစ်အပျက်တစ်ခုကို မောင်မှန် ပြန်သတိရမိတယ်။ အဲဒီတုနု်းက ထိပ်သီးခေါင်းဆောင်ကြီး တစ်ယောက်ပါ။   ထောင်ကပြန်လွတ်လွတ်ချင်း လူထုဟောပြောပွဲတစ်ရပ် ကျင်းပတယ်။ စကားတစ်ခွန်းမှားတယ်။ (သမိုင်းဝင်အမှားပဲ) ကျည်ကာ အင်္ကျီဝတ်လာတယ်လို့ အထင်ပြောခံရတယ်။ (သူ့ခန္ဓာကိုယ်ကြီးက နဂိုထက် ပိုပေါင်းကားနေလို့ ဖြစ်ပါတယ်။) လူထုက အဲဒီကိစ္စနှစ်ခုအတွက် အဲဒီပုဂ္ဂိုလ်ကြီးကို အတော် စိတ်ပျက်သွားခဲ့ကြတယ်။ အချိန်တိုအတွင်းမှာပဲ ထိပ်သီးခေါင်းဆောင်ကနေ ဘိတ်ဈေးခေါင်းဆောင်ဘဝ လျောကျခဲ့ရတယ်။ ခုတော့ ကွယ်လွန်သွားရှာပါပြီ။ ကွယ်လွန်သူတစ်ယောက်အကြောင်း မဖြစ်လို့ ရေးရတာပါ။ လွန်တာရှိရင် ဝန္ဒာမိပါတယ်ခင်ဗျာ။

သို့ဂလို ကြောက်တတ်ခဲ့တာတွေ၊ ကြောက်နေရဆဲတွေ၊ ကြောက်ရလတ္တံတွေ ရှိနေပေမယ့် အကြောက်သက်သာရာ သက်သာကြောင်းတွေလည်း ရှိပါသေးတယ်။ NLD ပါတီရဲ့ အတွင်းရေးမှူးလည်းဖြစ်   ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးဝင်းထိန်က "ဖြေရင်းဖြေရင်းနဲ့ တစ်ချို့ မီဒီယာတွေက ကောက်ချက်ချ ပုံကြီးချဲ့ပြီးတော့ ရေးကြတာပါ။ ကျနော်ပြောတဲ့အကြောင်းအရာတွေမှာ အဓိက ရှင်းလင်းတဲ့ အကြောင်းအရာကို မပေါ်လွင်ဘဲ ကိုယ်လိုချင်တဲ့ ဟေ့ာဖြစ်မယ့် ပူညံပူညံဖြစ်မယ့် စကားလုံးတွေကို ရွေးပြီး ပြန်တဲ့အခါမှာ ကျနော် စကားတွေက ပေါက်ကွဲသွားတာတွေ ရှိတယ်။ အဲဒီလို ရေးသားတာတွေနဲ့ ပတ်သက်ပြီး တချို့ဆိုရင် ကျနော် တရားစွဲလို့ရပါတယ်။ ဒါပေမဲ့ ကျနော် မစွဲပါဘူး။ မစွဲတာက အလုပ်ရှုပ်တာရယ် နောက်တစ်ခုက ဒီလိုလုပ်တဲ့သူက ဘယ်သူဆိုတာ သိခွင့်ရသွားတာကလည်း ကျေးဇူးတင်တာလည်း အများကြီးပေါ့။ မီဒီယာဆိုတာကို ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုပြီးတော့ သဘောထားပါတယ်တဲ့။ ဇူလိုင် ၂ ရက်နေ့က မန္တလေးမှာ တိုင်းအစိုးရအဖွဲ့ လွှတ်တော်ပါတီဝင်တွေနဲ့ ဦးဝင်းထိန် တွေ့ဆုံပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

မောင်မှန်လည်း လိုတာလေးပဲ ကောက်လိုက်မယ်။ တရားမစွဲဘူးတဲ့။ အဟဲ့ မောင်မှန်လည်း ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ လွန်လွန်ကျူးကျူး မရေးသားဖူးပါဘူး။ (ဒါကတော့ ပုလိပ်အမြင်ကိုး ဦးဘချစ်ရဲ့ ဆိုလည်းခံရမှာပါပဲ။ ကိုယ့်ကိုကိုယ်တော့ ထင်တာပေါ့လေ) ဦးဝင်းထိန်က ခုလို ပြောလိုက်တော့လည်း ကျီးကန်းလောကသားအားလုံးအတွက်တော့ ဝမ်းသာစရာပေါ့ခင်ဗျာ။   ပြောမယ့်သာပြောနေရတာ   မောင်မှန်တို့ထက် အခြေအနေဆိုးတဲ့ နိုင်ငံတွေ အများကြီး ရှိတယ်။ အမေရိကတိုက်က အချို့နိုင်ငံတွေဆို သတင်းသမားတွေကို အပြတ်ရှင်းတာ။ လူဆိုးတွေဘက်ကလည်း သူတို့သတင်းထောက်လှမ်းရေးသားမှာစိုးလို့ ရှင်း၊ အစိုးရဘက်ကလည်း ရှင်းနဲ့ အတော်ခံကြရရှာတာ။ သေလိုက်တာလည်း သောက်သောက်လဲပဲ။ အာဆီယံနိုင်ငံတွေထဲမှာဆိုရင်လည်း ဖိလစ်ပိုင် ဒီအတိုင်းပဲ။ မကြာခဏ မီဒီယာသမား အသတ်ခံရတယ်။ တစ်ချို့ဆို မိသးစုလိုက် ရှင်းခံရတာ ဒီလိုတွေးလိုက်တော့လည်း ဖြေသာပါသေးတယ်။ မောင်မှန်တို့ဆီမှာ ဒါမျိုး ရှိနေပြီးဖြစ်ပေမယ့် နည်းတော့ နည်းပါသေးတယ်။ မောင်မှန့်ကိုတော့ အဲသလို မလုပ်ကြပါနဲ့နော်။ စာဖတ်ပရိသတ်ကို ကြိုတင်တိုင်တည်ထားလိုက်ပါရစေ။ မောင်မှန်ဟာ ဂမ္ဘီရစာအုပ်တွေ မဖတ်ပါဘူး။ ဓါးမဆောင်ထားပါဘူး။ ဘယ်သန်မဟုတ်ပါဘူး။ ဒဿနိကနဲ့ ဘွဲ့မရပါဘူး။ ကိုယ့်ကိုကိုယ် သတ်သေဖို့ ဝေးစွ၊ ပုရွက်ဆိပ်မျှပင် မသတ်ရဲပါကြောင်း ကြေညာမောင်း ခတ်ရပါတယ်ခင်ဗျာ။

Mizzima Weekly