ဂျာနူဇက်အတွက် ပေါင် ၉.၈ သန်းနဲ့ ဆိုစီဒက်အသင်းကို ပြောင်းရွှေ့ရန် မန်ယူ သဘောတူ

ဂျာနူဇက်အတွက် ပေါင် ၉.၈ သန်းနဲ့ ဆိုစီဒက်အသင်းကို ပြောင်းရွှေ့ရန် မန်ယူ သဘောတူ
(ဓာတ်ပုံ - အီးပီအေ)

မန်ယူအသင်းဟာ ဘယ်လ်ဂျီယံ လူငယ်ကစားသမား ဂျာနူဇက်အတွက် ပေါင် ၉.၈ သန်းနဲ့ ရီးယဲလ်ဆိုစီဒက်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားက ဒီနွေရာသီမှာ သူဟာ အခြားအသင်းတစ်သင်းကို ရှာဖွေသွားမယ်လို့ နည်းပြမော်ရင်ဟိုအား ပြောဆိုခဲ့ပါတယ်။

သူဟာ ဆန်ဒါးလန်းအသင်းဆီ အဌားချခံထားရာမှ ပြန်လည်ရောက်ရှိခဲ့ပြီး ရာသီကြို အမေရိကန်ခရီးစဉ်အတွက် မော်ရင်ဟိုရဲ့ ကစားသမားစာရင်းထဲမှ ချန်လှပ်ထားခံခဲ့ရပါတယ်။

၂၀၁၅-၁၆ ရာသီက ဒေါ့မွန်အသင်းဆီ အဌားသွားရောက် ကစားခဲ့သူ ဂျာနူဇက်ဟာ ဗုဒ္ဓဟူးနေ့မှာ ဆိုစီဒက်အသင်းနဲ့ ဆေးစစ်ခံဖို့ ရှိပါတယ်။

ဂျာနူဇက်ဟာ အသက် ၁၆ နှစ်အရွယ် ၂၀၁၁ ခုနှစ်တုန်းက ဘယ်လ်ဂျီယံကလပ် အန်ဒါလတ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ပထမအသင်းကြီးဆီ ဝင်ရောက်ခဲ့ပါတယ်။

ရိုင်ယန်ဂစ်ရဲ့ ကျောနံပါတ် ၁၁ ကို ရယူဖို့ လုံလောက်ကောင်းမွန်တဲ့ သူအဖြစ် ယူဆခဲ့တဲ့ ဂျာနူဇက်ဟာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်က (၅) နှစ် သက်တမ်းတိုး စာချုပ်ခဲ့မှုအရ ၂၀၁၈ ခုနှစ်အထိ သက်တမ်းကုန်ဆုံးသေးမှာ မဟုတ်သေးပါဘူး။

ရီးယဲလ်ဆိုစီဒက်အသင်းဟာ ပြီးခဲ့တဲ့ ရာသီ လာလီဂါမှာ အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပြီး ၂၀၁၇-၁၈ ယူရိုပါလိဂ်အုပ်စုအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly