ICC ဖလားပြိုင်ပွဲကို စီရော်နယ်ဒိုပါ၀င်ယှဉ်ပြိုင်မည်မဟုတ်သော်လည်း MSN တိုက်စစ်အတွဲကို ပရိသတ်များကြည့်ရမည်

ICC ဖလားပြိုင်ပွဲကို စီရော်နယ်ဒိုပါ၀င်ယှဉ်ပြိုင်မည်မဟုတ်သော်လည်း MSN တိုက်စစ်အတွဲကို ပရိသတ်များကြည့်ရမည်

စပိန်၊ ဇူလိုင် ၁၂ ။                  ။ International Champions Cup (ICC) ပြိုင်ပွဲတွင် ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်ဒိုပါဝင်ယှဉ်ပြိုင်မည်မဟုတ်သော်လည်း ဘာစီလိုနာ၏ MSN တိုက်စစ်အတွဲ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

စီရော်နယ်ဒိုသည် ပေါ်တူဂီလက်ရွေးစင်အသင်းနှင့်အတူ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့်အတွက် ရီးယဲလ်အသင်းက အနားပေးထားခြင်း ဖြစ်သည်။

ရီးယဲလ်အသင်း၏ ICC ဖလားပြိုင်ပွဲဝင်မည့် ကစားသမား ၂၆ ဦးစာရင်းတွင် စီရော်နယ်ဒိုမပါဝင်သော်လည်း နာမည်ကျော်ကစားသမားများဖြစ်သည့် ဂါရတ်ဘေးလ်၊ ဘန်ဇီမာ၊ တိုနီခရုစ်၊ မိုဒရစ်၊ အစ္စကိုနှင့်မာဆယ်လိုတို့ပါဝင်မည်ဖြစ်သည်။ ထို့အပြင် ကစားသမားသစ် သီယိုဟာနန်ဒက်ဇ်လည်း ပါဝင်မည် ဖြစ်သည်။ အပြောင်းအရွှေ့သတင်းများဖြစ်ပေါ်နေသည့် တိုက်စစ်မှူးမိုရာတာမှာမူ လက်ရှိအချိန်အထိ အပန်းဖြေနေဆဲဖြစ်ပြီး ရီးယဲလ်အသင်းလူစာရင်းတွင် မပါဝင်ခဲ့ပေ။ ထို့ကြောင့် ၎င်း၏အပြောင်းအရွှေ့သတင်းများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

ဘာစီလိုနာအသင်းမှာမူ ၎င်းတို့၏အဓိက တိုက်စစ်ကစားသမားများဖြစ်သော မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့သုံးဦးစလုံးကို ICC ပြိုင်ပွဲသို့ ခေါ်ဆောင်လာခဲ့သည်။ ဘာစီလိုနာအသင်းမှာ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဂျူဗင်တပ်စ်အသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် ရီးယဲလ်အသင်းနှင့် မီယာမီတွင် ယှဉ်ပြိုင်မည် ဖြစ်သည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly