တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံသူ မြောက်ကိုရီးယားဦးရေ ယခုနှစ်အတွင်း သိသိသာသာ လျော့ကျသွား

တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံသူ မြောက်ကိုရီးယားဦးရေ ယခုနှစ်အတွင်း သိသိသာသာ လျော့ကျသွား

ဇူလိုင် ၁၂ ။             ။ တောင်ကိုရီးယားနိုင်ငံဘက်ကို ဘက်ပြောင်းခိုလှုံသူ မြောက်ကိုရီးယား ဦးရေဟာ ယခုနှစ်အတွင်း သိသိသာသာ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံနယ်စပ်တစ်လျှောက်  ပိုမိုတင်းကျပ်စောင့်ကြည့်မှုတွေ ရှိလာခဲ့တာနဲ့အမျှ ယခုနှစ် ပထမနှစ်ဝက်အတွင်းမှာတော့ နိုင်ငံဘက်ပြောင်းခိုလှုံလာသူ မြောက်ကိုရီးယားဦးရေ ဟာ ယခင်နှစ် အလားတူကာလနဲ့ ယှဉ်ရင် ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီ ဖြစ်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။

ယခုနှစ် ဇန်နဝါရီလနဲ့ ဇွန်လကြား ကာလမှာတော့ တောင်ကိုရီးယားဘက် ရောက်ရှိလာသူ မြောက်ကိုရီးယားဦးရေ ၅၉၃ ဦးထိ ရှိခဲ့ပြီး ၎င်းတို့အနက် ၈၅ ရာခိုင်နှုန်းက အမျိုးသမီးတွေ   ဖြစ်ကြတယ်ဆိုပြီး တောင်ကိုရီးယားရဲ့ ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏာန်းတွေမှာ ဖော်ပြထားကြပါတယ်။

ယခင်နှစ် ၂၀၁၆ အလားတူ ကာလတုန်းကတော့ မြောက်ကိုရီးယား ၇၄၉ ဦးအထိ တောင်ကိုရီးယားနိုင်ငံဘက်ကို ပြောင်းရွှေ့ခိုလှုံခဲ့ကြတယ်လို့လည်း အဆိုပါ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

အလားတူ ယခု ဇွန်လ ၃၀ ရက်အထိ ရရှိထားတဲ့ စာရင်းတွေအရ တောင်ကိုရီးယားဘက်ကို ပြောင်းရွှေ့ခိုလှုံလာသူ မြောက်ကိုရီးယားဦးရေ စုစုပေါင်းဟာ ၃၀,၈၀၅ ဦးထိ ရှိနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly