ရိုမေးနီးယားသို့ ဒေါ်လာ ၄ဘီလျံနီးပါးခန့် တန်ကြေးရှိ ဒုံးပျံစနစ်တစ်ခု ရောင်းချရန် အမေရိကန်အတည်ပြု

ရိုမေးနီးယားသို့ ဒေါ်လာ ၄ဘီလျံနီးပါးခန့် တန်ကြေးရှိ ဒုံးပျံစနစ်တစ်ခု ရောင်းချရန် အမေရိကန်အတည်ပြု

ဝါရှင်တန်၊ ဇူလိုင် ၁၂ ။          ။ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးရာဝန်ကြီးဌာနက ၎င်းတို့သည် Patriot လေကြောင်း ကာကွယ်ရေး ဒုံးပျံစနစ်ကို ရိုမေးနီးယားနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃.၉ ဘီလျံတန်ဖိုးဖြင့် ရောင်းချဖို့ သဘောတူညီရန် အဆင့်ဖြစ်နေကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပြီး ရုရှားတို့အား အမျက်ထွက်စေခဲ့သည်။

“ အမေရိကန်နိုင်ငံခြားရေးရာဝန်ကြီးဌာနဟာ နိုင်ငံရပ်ခြားစစ်လက်နက် ရောင်းဝယ်မှုအနေဖြင့် ရိုးမေးနီးယားသို့ Patriot လေကြောင်းကာကွယ်ရေး ဒုံးပျံစနစ်ကို ရောင်းချယုံသာမက ၎င်းနှင့်စပ်လျဉ်း၍ အထောက်အကူများ၊ ပစ္စည်းကရိယာများကို ထောက်ပံ့သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်” ဟု ဝန်ကြီးဌာနက ပြောခဲ့သည်။

ယခုလိုရောင်းချမှုနှင့် ပက်သက်၍ ကန့်ကွက်ကြောင်းတင်ပြရန် ကွန်ဂရက်မှ ရက် ၃၀ခန့် အချိန်ရှိသော်လည်း ရိုမေးနီးယားသည် နေတိုးနှင့်မဟာမိတ်ဖြစ်ယုံသာမက ရုရှားတို့သိမ်းပိုက်ထားသော ခရီးမီးယားဒေသတည်ရှိရာ Black Sea ထဲသို့ ဝင်ရောက်နိုင်သည့် မဟာဗျူဟာအရ အရေးပါသော ပထဝီအနေအထားတစ်ခုကို ပိုင်ဆိုင် ထားသောကြောင့် ကန့်ကွက်ဖို့အလားအလာမရှိကြောင်း သိရသည်။

“ရိုမေးနီးယားဟာ Patriot ဒုံးပျံစနစ်ကိုအသုံးပြုကာ ၎င်းတို့ရဲ့ မွေးရပ်ဌာနေကို ကာကွယ်နိုင်ပြီး ဒေသတွင်း ခြိမ်းခြောက်မှုများကိုလည်း ဟန့်တားနိုင်မှာဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးရာ ဝန်ကြီးဌာနမှ ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဌာနနှင့် အကျိုးတူပေါင်းဖက်ထားသော Raytheon ကုမ္ပဏီမှထုတ်လုပ်သည့် Patriot ဒုံးပျံစနစ်သည် ရွေ့လျားပြောင်းရွှေ့နိုင်သော လေကြောင်းကာကွယ်ရေး စနစ်တစ်ခုဖြစ်ပြီး ပဲ့ထိန်းတပ်ဒုံးပျံများ၊ ခရုစ်ဒုံးကျည်များနှင့် လေယာဉ်များကို ကြားဖြတ်တိုက်ခိုက်နိုင်ကြောင်း သိရသည်။

ဘယ်လ်တစ်နိုင်ငံများဟုခေါ်သော အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံများတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေသော   နိုင်ငံပေါင်းစုံပါဝင်သည့်   နေတိုးအဖွဲ့အတွက်   ထောက်ပံ့မှုတစိတ်တပိုင်း အနေဖြင့် အမေရိကန်စစ်တပ်သည် Patriot စနစ်ကို လစ်သူရေးနီးယား၌ ယာယီချထားပေးခဲ့သည်။

ရုရှားတို့ဘက်မှလည်း ပြီးခဲ့သောနှစ်က လစ်သူရေးနီးယားနှင့် ပိုလန်နယ်စပ်၌ရှိသော ၎င်းတို့၏ ကာလီနင်ဂရက် မြို့တွင် နျူကလီးယားပဲ့ထိန်းတပ်ဆင်နိုင်သော အစ်စ်ကန်ဒါဒုံးကျည်များကို တပ်ချထားပြီး နေတိုးအဖွဲ့နှင့် အပြိုင် စစ်ရေးပြသလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags