ကယားတွင် ဆန်စျေးတက်

ကယားတွင် ဆန်စျေးတက်

လွိုင်ကော် ။ ။ မြန်မာနိုင်ငံအနှံ့ တိုင်းနှင့်ပြည်နယ်များတွင် ရေကြီးနေသည့်အတွက် ကယားပြည်နယ်သို့ တင်သွင်း ရောင်းချသည့် ဆန်ဈေးနှုန်း မြင့်တက်လာကြောင်း လွိုင်ကော်မြို့ပေါ်ရှိ ဆန်ရောင်းဝယ်ရေး လုပ်ငန်းများမှ သိရသည်။

ကယားပြည်နယ်သို့  ဝင်ရောက်သည့် ဆန်အများစုမှာ ရေကြီးနေသည့် ဒေသများမှ ဖြစ်သောကြောင့် လက်ရှိအချိန်တွင် ဆန်ဈေးမြင့်တက် သွားခြင်းဖြစ်သည်ဟု  သီရိမင်္ဂလာတောင်ဈေးရှိ ဆန်အရောင်း အဝယ်သူတစ်ဦးကပြောသည်။

၎င်းက “ဆန်က နည်းနည်းတော့ဈေးတက်သွားတာပေ့ါ။ ဘာလို့လဲဆို တိုင်းပြည်နယ် တော်တော်များများမှာ ရေဘေးထိတော့ တက်သွားတယ်ထင်တယ်။ ဆန်က အဲဒီဘက်ကနေ ဝယ်ယူကြတာကိုး။” ဟု ပြောသည်။

နွားလဝိုးမှ ဆန်ရောင်းဝယ်သူ ဦးကိုလင်းအောင်က “အခု ဆန်ဈေးတက်သွားတယ်ဆိုတာ ဟုတ်ပါတယ်။ အရောင်းလည်း ကျဲသွားတယ်။ သူများဆိုင်မှာတော့ ရောင်းကျဲ မကျဲတော့ မသိဘူး။ ဒီမှာတေ့ာ နည်းနည်း ကျဲလာတယ်။ဒီမှာက နေ့စားအလုပ်လုပ်သူတွေ က အများအားဖြင့်ဝယ်ကြတယ်။ ဒါပေမယ့်ကိုယ်က ဝယ်မယ် ရောင်းမယ် ဒါပဲရှိတော့ အရောင်းကျဲနေပေမယ့် ရောင်းနေရတာပေ့ါ။” ဟု ပြောသည်။

ယင်းကဲ့သို့  ဆန်ဈေးများစွာ မြင့်တက်သွားခြင်းကြောင့် ပုံမှန်ဆန်ဝယ်နေရသော အောက်ခြေ နေ့စား အလုပ်သမားအတွက် အခက်အခဲ ပိုပြီး ရှိလာကြောင်း လွိုင်ကော်မြို့နယ်ရှိ နေ့စားအလုပ်လုပ် ကိုထက်နိုင်က ပြောသည်။

၎င်းက “တတ်နိုင်တဲ့သူတွေအတွက်တော့ ဆန်က အခု တပြည်ကို (၁၀၀) (၂၀၀) လောက် တက်တာက သူတို့အတွက် ဘာမှ မဟုတ်ပေမယ့် ကျွန်တော်တို့အတွက်ကတော့ အခက်အခဲပိုပြီးဖြစ်စေတယ်။ ကလေးကျူရှင်ခတွေလည်း အဲဒီကနေ စုပေးရတယ်လေ။ ကျွန်တော်တို့က နေ့စားအလုပ်လုပ်နေရတာလေ။ အလုပ်ပုံမှန် မလုပ်နိုင်ရင် တော့ အခက်အခဲတွေက တစ်ရက်ပြီးတစ်ရက်ဖိလာမှာပဲ။” ဟုပြောသည်။

တောင်ဈေးရှိ ဆန်အရောင်း ဆိုင်တစ်ဆိုင်၏ စာရင်းများအရ   အမြင့်ဆုံး ဈေးဖြစ်သော ပေါ်ဆန်းမွေး ဆန်သည် ယခင်က တအိတ်လျှင် ကျပ်  ၄၅၀၀၀ ဖြစ်ပြီး  ယခု  ၅၀၀၀၀ သို့ တက်သွားကာ ဆန်ကြမ်းဈေးမှာ ယခင် တအိတ်လျှင် ကျပ် ၂၂၀၀၀ ဖြစ်ပြီး  ယခု ၂၄၀၀၀ ကျပ်ဖြစ်လာသည်ဟု သိရသည်။ အရက်ချက် ဆန်ကွဲမှာ ယခင်တအိတ်လျှင်  ကျပ် ၁၈၀၀၀ ရှိပြီး ယခု  ၁၉၀၀၀ မှ  ၂၀၀၀၀ ကျပ် မြင့်တက်သွားကြောင်းသိရသည်။

ကယားပြည်နယ်အတွင်းတွင်လည်း မိုးနောက်ကျသည့်အတွက် စိုက်ပျိုးထားသည့်စပါးပင်များ မအောင်မြင်သည့်အပြင် ရှားတောမြို့နယ်၊ လွိုင်ကော်မြို့နယ်ဘက်တွင် ကြွက်များက ဖျက်ဆီးခြင်းကြောင့် လတ်တလောတွင် ဆန်နှင့် အခြားကုန်ဈေးနှုန်းများ အနည်းငယ်စီ မြင့်တက်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly