ပြည်မြို့နယ် သမအသင်းစုဒုဥက္ကဋ္ဌကို ကျောင်းထိုင်ဆရာတော်က ဓားနဲ့ခုတ်မှုဖြစ်ပွား

ပြည်မြို့နယ် သမအသင်းစုဒုဥက္ကဋ္ဌကို ကျောင်းထိုင်ဆရာတော်က ဓားနဲ့ခုတ်မှုဖြစ်ပွား

ပြည်၊ ဇူလိုင်လ ၁၁ ။         ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့နယ် ပေါင်းတလည်မြို့တွင် ဇူလိုင်လ ၁၀ ရက်က မြို့နယ်သမဝါယမအသင်းစု လိမီတက် ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးဆိုသူကို ဘန့်ပြင်ကြီးကျေးရွာ၊ ကျောင်းထိုင်ဆရာတော် ဥူးတိဿ က ဓါးဖြင့်ခုတ်ခဲ့ပြီး ပေါင်းတလည် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

“ကျွန်တော်တို့ အမှုဖွင့်ထားပါတယ်ခင်ဗျ”ဟု ပေါင်းတလည်ရဲစခန်းမှူးက ဆိုသည်။

ထိုနေ့ နေ့လည် ၁၁ နာရီက ပေါင်းတလည်မြို့၊ ဘန့်ပြင်ကြီးကျေးရွာတွင် သမချေးငွေကိစ္စ ကျေးရွာသားများနှင့် ဆွေးနွေးရန် သမအသင်းစုလိမိတက်ဒု ဥက္ကဋ္ဌ ဦးသန်းစိုး ၊ မြို့နယ် သမဦးစီးမှူးနှင့် အသင်းသားများ သွားရောက်ခဲ့သည်။ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ အစည်းအဝေး ပြုလုပ်ရန်စီစဉ်နေစဉ် ကျောင်းထိုင်ဆရာတော် ဥူးတိဿသက်တော် ၅၆ နှစ် ဝါတော် ၂၈ ဝါက  ဦးသန်းစိုးကို ကိုင်းခုတ်ဓါးဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။

“အစ်ကိုက ဖုန်းပြောနေရင်း ဖုန်းက ဆတ်ကနဲ လက်က လွတ်ကျသွားတယ်။ အဲဒီမှာ ဦးတင်မောင်ကြည်က ဘုန်းကြီးဓါးနဲ့ခုတ်တယ်လို့အော်ပြီးပြေးလာလို့ နောက်လှည့်ကြည့်လိုက်တော့ ဘုန်းကြီးလက်ထဲမှာ ဓါးနဲ့ အစ်ကို့လက်ကလည်း ပြတ်သွားပြီ”ဟု အခုတ်ခံရသူ ဦးသန်းစိုးက ဆိုသည်။

ထိုသို့ ခုတ်ခဲ့သည့်အတွက် ကိုသန်းစိုး၏ ဘယ်ဘက်လက် ခလယ်ပြတ် ၊ ဘယ်ဘက်နားရွက် ပြတ်ရှဒဏ်ရာ များရရှိခဲ့ပြီး ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသနေသည်။ ၎င်း၏ တယ်လီဖုန်းလည်း ကြေမွပျက်စီးခဲ့သည်။ ဦးသန်းစိုးက ဆရာတော်အား အမှုဖွင့်တိုင်တန်းသည့်အတွက် ပေါင်းတလည်ရဲစခန်းတွင် ဆရာတော်အား (ပ) -၆၀/၂၀၁၇ ပြစ်မှုပုဒ်မ ၃၂၄ ဖြင့် စစ်ဆေးနေပြီး အာမခံဖြင့် ပြန်လွှတ်ထားသည်ဟုလည်း သိရသည်။

ထိုနေ့က ပြည်မြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ကျောင်းထိုင်ဆရာတော်ဥူးတိဿ ကို စစ်ဆေးကာ နောက်နောင်ထိုသိုမပြုရန် လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။

“ဘုန်းကြီးကိုမလျှောက်ထားဘဲ ဧည့်သည်တွေခေါ်လာတော့ ဒေါသထွက်ပြီး လုပ်လိုက်တယ်ဆိုတဲ့ သဘောပေါ့။နောက်တော့ဒေါသမကြီးနဲ့ ဆိုပြီး ခံဝန်ကတိလုပ်ထားတယ်။ ကိုယ်က လုပ်ပြီးပြီ ဆိုရင်တော့တစ်ဖက်လူ ကျေနပ်အောင် တောင်းပန်ရမယ်။ တောင်းပန်လို့ မရရင်တော့ ဥပဒေအရရင်ဆိုင်ပေါ့ ။ ဥပဒေအရ ရုံးမြေကန္တား ရင်ဆိုင်ရရင်တော့ လူဝတ်နဲ့ သွားရမယ်”ဟု သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဌဆရာတော်ဘဒ္ဒန္တဝီရိယ(သဒ္ဓမ္မဇောတိကဓဇ)က မိန့်ကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly