မွန်ဂိုလီးယား သမ္မတသစ်အဖြစ် နပန်းပညာရှင်တစ်ဦး ရွေးချယ်တင်မြှောက်ခံရ

မွန်ဂိုလီးယား သမ္မတသစ်အဖြစ် နပန်းပညာရှင်တစ်ဦး ရွေးချယ်တင်မြှောက်ခံရ

ဇူလိုင် ၁၁ ။          ။ ကျင်းပပြီးစီးခဲ့တဲ့ မွန်ဂိုလီးယားသမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နပန်းပညာရှင် Khaltmaa Battulga ကတော့ ယမန်နေ့ ဇူလိုင်လ ၁၀ ရက်မှာပဲ နိုင်ငံရဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တယ်လို့ သိရပါတယ်။

မိမိလက်ထက်မှာ ကျဆင်းနှေးကွေးနေတဲ့ နိုင်ငံစီးပွားရေးကို ပြန်လည်တက်ကြွလာအောင် လုပ်ဆောင်သွားမှာဖြစ်သလို အိမ်နီးချင်း ရုရှ၊ တရုတ်တို့အပြင် အခြားသောနိုင်ငံတွေနဲ့လည်း ပိုမိုဆက်ဆံသွားမှာဖြစ်တယ်ဆိုပြီး သမ္မတသစ်ဖြစ်လာတဲ့ Battulga က ကျမ်းကျိန်အပြီးမှာပဲ ကြုံးဝါးပြောဆိုသွားပါတယ်။

ကြွေးမြီထူပြောနေတဲ့ နိုင်ငံစီးပွားရေးကို ပြန်လည်တည်ငြိမ်စေအောင် ဦးဆောင်သွားမှာဖြစ်သလို နိုင်ငံရဲ့ ပို့ကုန်အများစုကို ဝယ်ယူတင်သွင်းနေတဲ့ တရုတ်အပေါ် မှီခိုနေရမှုကိုလည်း   လျော့ကျသွားမှာဖြစ်တယ်လို့ ၎င်းက ကတိပြုပြောကြားသွားပါတယ်။

သမ္မတသစ် ဖြစ်လာတဲ့ Battulga ကတော့ လက်ရှိအချိန်မှာ ဘီလျံနာ လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သလို မွန်ဂိုလီးယားအမျိုးသား နပန်းအသင်းရဲ့ အသင်းသားတစ်ဦးလည်း ဖြစ်ခဲ့သူဖြစ်ပါတယ်။

မွန်ဂိုလီးယား ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ၎င်းဟာတော့ ပြီးခဲ့တဲ့ သောကြာနေ့က ရွေးကောက်ပွဲ မဲခွဲမှုမှာ မဲရာခိုင်နှုန်း ၅၀ ဒသမ ၆ ရာခိုင်နှုန်း ရရှိပြီး နိုင်ငံရဲ့ သမ္မတသစ် အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly