မိခင်တိုင်းပြည်သို့ တဖွဲဖွဲ ပြန်လာနေကြဆဲ မြန်မာရွှေ့ပြောင်းအလုပ်သမားများ

မိခင်တိုင်းပြည်သို့ တဖွဲဖွဲ ပြန်လာနေကြဆဲ မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ဇူလိုင် ၁၁ ။             ။ ဇွန်လ၂၃ ရက်နေ့တွင် ထိုင်းအစိုးရက  ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေထိုင်သူများနှင့် ပတ်သက်ပြီး နည်းဥပဒေသစ်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

ယင်း နည်းဥပဒေသစ်အရဆိုလျင် နိုင်ငံခြားသား အလုပ်သမားများ၏ အလုပ် တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေ စီမံချက်အရ တရားမဝင် အလုပ် လုပ်ကိုင်နေထိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို ဒဏ်ငွေ ဘတ်နှစ်ထောင်မှ လေးသိန်းအထိ အပါအဝင် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်သည်။

ထိုကြေညာချက်သည် တရားမဝင် လုပ်သားများသာမက လက်ခံထားသော ထိုင်းအလုပ်ရှင်များကိုပါ သက်ရောက်စေခဲ့သည်။

ဥပဒေသစ်ထဲတွင်ပါသည့် အချက်တွေက ပြစ်ဒဏ်ကြီးများဖြစ်သည့်အတွက် အထောက်အထား မခိုင်လုံသော မြန်မာရွှေ့ပြောင်းလုပ်သားများသည် ဇွန်လ ၂၉ရက်က စတင်ပြီး မြန်မာနိုင်ငံကို   သောင်းနဲ့ချီပြီး ပြန်လာကြခဲ့ကြသည်။

အချို့သည်မူ ထိုင်းနိုင်ငံသို့ MOU စနစ်နှင့် သွားရောက်လုပ်ကိုင်နေနေခြင်းဖြစ်ပြီး ပြန်လာရမည့် လူစာရင်းတွင် ပါဝင်နေခြင်း ဖြစ်သည်။

“မိသားစုတွေကလည်း သူများတွေကောင်းတယ် သွား သွား ဆိုတော့လည်း သွားရတာပေ့ါ။ ဒီလိုပါပဲ။ တက်လာတဲ့အခါကြတော့ ဒီလိုဖြစ်တယ်ဆိုတော့ ကံဆိုးတဲ့ အလှည့်ကျသလိုဖြစ်နေတာပေ့ါ” ထိုင်းနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်သားအဖြစ် သွားလုပ်မည့် နေပြည်တော်တပ်ကုန်းမှ မောင်မိုးက ပြောသည်။   

MOU စနစ်ဖြင့် ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်မည့်သူများသည် တစ်ဦးကို  ၅သိန်းမှ ၇ သိန်းခန့် အေဂျင်စီတွေကို  ပေးရပြီး အလုပ်သွားလုပ်မည့်သူတွေသည် သွားရောက်လုပ်ကိုင်မယ့် ကုမ္ပဏီနှင့် အနည်းဆုံး ၂နှစ် စာချုပ်ကို  ချုပ်ထားရသည်။

“ ထိုင်းနိုင်ငံရောက်ပြီး ကုမ္ပဏီတွေရောက်လို့ အလုပ်မကောင်းတဲ့အခက်အခဲ တွေနဲ့ ရင်ဆိုင်ရတဲ့အခါ တခြားအလုပ်တစ်ခုကို ပြောင်းရွှေ့လုပ်ကိုင်လို့ မရပါဘူး။ယခုအချိန်အထိ ထိုင်းနိုင်ငံကို MoU စနစ်ဖြင့် သွားရောက် အလုပ် လုပ်ကိုင်ပြီး အဆင်မပြေသည့် သူတွေရှိနေတယ်” ဟု ထိုင်းနိုင်ငံမှ ပြန်လာသော  မပပက ပြောသည်။

"အလုပ်ရုံမှာတော့ အဖမ်းခံရတဲ့သူမရှိဘူးပေ့ါ။ဒါပေမဲ့ MOU သမားတွေကိုတော့ ထုတ်လိုက်တယ်။ ဘတ်မရှိသမားတွေ သူထုတ်တယ်။သူဌေးမရှိတဲ့သူတွေက သူဌေး ကျတ်ခေါက် ခိုင်းတယ်။ ၁၅ ရက် အတွင်းပေ့ါနော်။ မခေါက်ရင်တော့ သူထုတ်တယ်။ သွားတယ်ဆိုတာက သူတို့က တခြားရုံမှာ ၂နှစ်အာမခံနဲ့ သွားတယ်။သူတို့အဲ့ထဲမှာ အဆင်မပြေ လုပ်မနိုင်တော့ ဒီဘက်ရုံကို ပြောင်းလာတယ်။ သူဌေးမတူတဲ့အတွက် သူတို့ကို ထုတ်ခဲ့ပါတယ်" ဟု သူက ဆက်ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအဖို့ ဖမ်းဆီးခံရမှု၊ ငွေလိမ်ခံရမှုတွေကို ရင်ဆိုင်နေရသည်။

အထောက်အထားမရှိသည့် အလုပ်သမားတွေသည် ကြားခံပွဲစားများကို ဆက်သွယ်စုံစမ်းပြီး မြန်မာနိုင်ငံကို ပြန်လာနေကြပါသည်။ ထိုင်းနိုင်ငံ၊ မဟာချိုင် ကနေ မြဝတီနယ်စပ် မဲဆောက်အထိ ဘတ်ငွေ ၃၅၀၀ (မြန်မာငွေ ၁သိန်း၅သောင်း)ပေးပြီးပြန်ခဲ့ရတဲ့သူတွေလည်း ရှိနေသည်။

ထိုင်းဘုရင့်နိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုချာက နိုင်ငံခြားသားအလုပ်သမားများအတွက် စီမံခန့်ခွဲခြင်းဆိုင်ရာ ဥပဒေသစ်ကျင့်သုံးခြင်းကို ရက်ပေါင်း ၁၂၀ ဆိုင်းငံထားဖို့ အမိန့်ထုတ်ပြန်ထားပါသည်။ သို့ပေမယ့်လည်း ဖမ်းဆီမှုတွေလည်း ရှိနေသေးသည်ဟု မြဝတီမြို့ကျောက်လုံးကြီးစခန်းကို ရောက်လာသော မြန်မာရွှေ့ပြောင်းလုပ်သား  ကိုရဲထွန်းက ပြောပါသည်။

"အခုဖမ်းဆီးမှုအခြေနေကတော့ ဖမ်းတဲ့နေရာလည်း ဖမ်းတုန်းပေ့ါ။ မရှိတဲ့သူတွေကို နည်းနည်းတော့ ရပ်ဆိုင်းသွားပါပြီ။ သူဌေးမတူတာတွေလည်း ဖမ်းတယ်။ ပတ်စ်ပို့ ရှိပြီးတော ဝေ့ါပါမစ်မရှိရင်လည်း ဖမ်းတယ်" ဟုဆိုသည်။

မြန်မာနိုင်ငံ၊ မြဝတီမြို့ ကျောက်လုံးကြီးစခန်းတွင်  ထိုင်းနိုင်ငံမှ ပြန်လာသော မြန်မာအလုပ်သမားများ ကို လက်ခံထားရှိပြီး မိမိတို့နေရပ်အသီးသီးကို အခမဲ့ပြန်လည်ပို့ဆောင်ပေးနေပါသည်။

"ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ ပြန်ပြီတော့ လုပ်မယ်ဆိုရင် ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်ရန် M0U စနစ်နဲ့ တရားဝင်စာချုပ်စာတမ်းနဲ့သွားလို့ရှိရင် ကိုယ့်နိုင်ငံသားတွေအတွက် ဘယ်လိုမျိုး အဆင်ပြေနိုင်တယ် ဆိုတဲ့အကြောင်းတွေ Awareness တွေ ပေးပါတယ်"  ဟု မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်က ဆိုသည်။ 

ထိုင်းနိုင်ငံအစိုးရသည်  အထောက်အထားမရှိသောသူတွေကို တရားဝင်အလုပ်လုပ်ကိုင်ခွင့် နေထိုင်ခွင့် ပန်းရောင်ဘတ်၊အစိမ်းရောင်စာအုပ်၊ခရမ်းရောင်စာအုပ်၊ ပတ်စပို့များ အမျိုးမျိုး လုပ်ခိုင်းနေသည့်အတွက် ထိုင်းပွဲစား မြန်မာပွဲစားတွေသာ ချမ်းသာလာပြီး အလုပ်သမားတွေအနေနဲ့ စိတ်ပျက်နေရသည်ဟု  မြန်မာ့အလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် ကိုရဲမင်းက ပြောပါသည်။

"အရောင်တွေ အမျိုးမျိုးပြောင်းတယ်။ ပတ်စပို့တွေ ပြောင်းတယ်။ ပန်းရောင်ဘတ်တွေ ပြောင်းတယ်။ ပြောင်းလဲသွားတိုင်း မြန်မာအလုပ်သမားတွေပဲ ငွေကုန်ကြေးကျများတယ်။ မြန်မာပွဲစား၊ ထိုင်းပွဲစားတွေပဲ ချမ်းသာသွားတယ်။အဲ့လိုအနေအထားမှာတေ့ာ ခဏခဏ အရောင်တွေ ပြောင်းတယ်။ နေထိုင်ခွင့် အထောက်အထားတွေ အမျိုးမျိုးပြောင်းလဲတဲ့အတွက် ကျွန်တေ်ာတို့မြန်မာလုပ်သားတွေ နစ်နာတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။အဲ့ဒိ့အပိုင်းတွေကို ပြင်ဆင်ပေးစေချင်တယ်ဗျ ထိုင်းအစိုးရဘက်ကို "ဟု သူက ဆိုသည်။

ယခုအချိန်ထိ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငရွှေ့ပြောင်းအလုပ်သမား ၄သန်းခန့်ရှိနေပြီး အထောက်အထား မခိုင်လုံသော အလုပ်သမား ၁သန်းခန့် ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါသည်။

အလုပ်သမားအများစုသည် ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ကြပြီး ၂၀၁၁နောက်ပိုင်းမှသာ မြန်မာနိုင်ငံအစိုးရက တရားဝင် သွားရောက်လုပ်ကိုင်ခွင့်ပြုခဲ့သည်။

"ပွဲစားဆီပြန်တောင်းပ့ါမယ်ဆိုတော့လည်း အားနာရတာပေ့ါ။အဲ့တော့ ကောင်းလို ကောင်းညားဆိုပြီး တက်ရမှာပဲ။အရင်းအနှီးရရင်တော့ ပြန်လစ်လာရမှာပေ့ါ " ဟု မောင်မိုးက ပြောသည်။

ဇူလိုင်လ ၁၀ ရက်နောက်ဆုံအခြေအနေများအရ မြဝတီနယ်စပ်ဂိတ်သို့ လူဦးရေ ၃၀၀၀၀ ဦး၊ ဘုရားသုံးဆူနယ်စပ်ဂိတ်သို့ ၄၂၀၄ ဦး၊ စုစုပေါင်း ၃၄၂၀၄  ဦး ပြန်လည်ဝင်ရောက်လာခဲ့ပြီးဖြစ်သည်။

အဆိုပါရွှေ့ပြောင်းမြန်မာလုပ်သားများအတွက် တပ်မတော်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက နေရပ်ပြန်ရေးကူညီနေကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly