ရေဘေးသင့်သူများကို နိုင်ငံတကာက ကူညီရာတွင် စနစ်တကျထိန်းချုပ်မှုများနှင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

ရေဘေးသင့်သူများကို နိုင်ငံတကာက ကူညီရာတွင် စနစ်တကျထိန်းချုပ်မှုများနှင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို
 ပဲခူးတိုင်းရေဘေးသင့် ဒေသများသို့ သွားရောက်ခဲ့ကူညီ အားပေးလှုဒါန်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်။ ဓါတ်ပုံ - သက်ကို

မြန်မာတစ်နိုင်ငံလုံး  ရေဘေးကြောင့် ဒုက္ခရောက်နေသူများကို နိုင်ငံတကာမှ အကူအညီများ ရက်ရက်ရောရော ပေးစေလိုပြီး  စနစ်တကျ ထိန်းချုပ်မှုများနှင့် ပေးကြရန် တောင်းဆိုလိုသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က Aung San Suu Kyi ဟူသော ဖေ့စ်ဘွတ် စာမျက်နှာမှ တဆင့် ရုပ်သံဖိုင်ဖြင့် ပြောကြားခြင်းဖြစ်ပြီး ‘ရေဘေး အန္တရာယ်သင့် ပြည်သူများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်’ ဟူသော ရုပ်သံဖိုင်များမှ တဆင့် ပြောကြားခြင်းဖြစ်ပြီး မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရုပ်သံဖိုင် နှစ်ခု ပြောကြားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က  ‘ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျွန်မတို့ကို ရက်ရက်ရောရော ကူညီပေး စေချင်ပြီး အကူအညီများကိုလည်း စနစ်တကျထိန်းချုပ်မှုများနှင့် ပေးဆောင်ရန် တောင်း ဆိုချင်ပါတယ်’  ဟု  အင်္ဂလိပ်ဘာသာဖြင့် ပြောကြားထားသည့် အသံဖိုင်တွင် ပြောဆိုသည်။

၎င်းက ဆက်လက်ပြီး  ‘  ထိန်းချုပ်မှုမရှိတဲ့ ရက်ရောသော လှူဒါန်းမှုများဟာ စနစ်တကျနဲ့ အစီအစဉ် ရေးဆွဲထားတဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်လျင် အလွန်မှ ထိရောက်မှုနည်း တာကိုတွေ့ ရပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ နိုင်ငံတကာက ကူညီသူတွေကို ပြောချင်တာက ကူညီမှုမယ်ဆိုရင် စနစ် တကျအစီအစဉ်ရေးဆွဲထားတဲ့ ပြန်လည်ထူထောင်မှုလုပ်ငန်းများမှာ ပါဝင်စေပါတယ် ‘ ဟုလည်း တောင်းဆို လိုက်သည်။

မြန်မာနိုင်ငံ တစ်ဝှမ်းဖြစ်ပေါ်နေသော သဘာ၀ ဘေးအန္တရာယ်များကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကူညီထောက်ပံ့မှုများကို ယခုရက်ပိုင်းအတွင်း ပေးနေပြီဖြစ်သည်။

၎င်းတို့အနေဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ရေပြန်ကျပြီးမှသာ လုပ်ဆောင်သွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြန်လည်ထူထောင်မှုရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင်   အဓိကလိုအပ်နေသည်မှာ ပြန်လည်နေရာ ချထားရေး၊ နားခိုစရာနေရာများနှင့် ဆေးဝါးများလိုအပ်သည်ဟုလည်း ၎င်းက ဆိုလိုက်သည်။

အကာအကွယ်များဆောက်လုပ်ပေးရာတွင်လည်း ယာယီတည်းခိုစရာ ဆိုသည်ထက် ပိုမိုမျှော်လင့် သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။

ဆက်လက်ပြီး ၎င်းက ‘  ကျွန်မတို့ အနေနဲ့ ဒုက္ခသည်တွေရဲ့ ဆက်လက်ရပ်တည်ရေးကိုလည်း စဉ်းစားရ မှာဖြစ်ပါတယ်။  အချို့လူတွေဆိုရင် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင် ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။  သူတို့ရဲ့ အလုပ်အကိုင်ပြန်လည်ရရှိရေး၊ ကြွေးမှီးများပြန်လည်ပေးဆပ်ရေး နဲ့ စာသင်ကျောင်းများကို ဆက်လက်မတက်ရောက်နိုင်တော့တဲ့ ကလေးငယ်များအတွက် ဘယ်လို လုပ်ဆောင်မှုတွေလုပ်ရမလဲဆိုတာ ကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်’ ဟုလည်း ဆိုသည်။

ရေဘေးသင့် ပြည်သူများ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ပူးပေါင်း၍ အကူအညီများ ပေးအပ်နေပြီး အစားအသောက် ဆေးဝါးများလည်း ပြင်ဆင်ထားသကဲ့သို့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့သို့ အသက်ကယ်လှေ သုံးစီး ပေးပို့ပြီးဖြစ်သည်ဟုလည်း  ၎င်းက မြန်မာဘာသာဖြင့် ပြောကြားထားသည့် အသံဖိုင်တွင် ပြောကြားသည်။

ညောင်တုန်းသို့ အသက်ကယ်လှေ သုံးစီးပို့ပြီးဖြစ်ကာ အစီးသုံးရာအထိ ထပ်မံပေးပို့ရန်လည်း စီစဉ်ထားပြီး ဆန်၊ ဆီ၊ စားသောက်စရာများကိုလည်း ပြင်ဆင်ထားကာ ဆန်အတွက်လည်း စုဆောင်းထားပြီးဖြစ်သဖြင့် ဝေပေးသွားရန် စီစဉ်သွားမည်ဟုလည်း ၎င်းကဆိုသည်။ ဆုံးရှုံးမှုများ ပြန်လည် ထူထောင်ခြင်းမှာ အစိုးရ တာဝန်ဖြစ်သော်လည်း အားလုံး ဝိုင်းဝန်း ဆောင်ရွက်ရန် လိုကြောင်းလည်း ၎င်းကဆိုသည်။

ယင်းအပြင် လက်ရှိတွင် ပြည်သူတစ်ရပ်လုံးက ပါဝင်ကူညီနေသည်ကို ဝမ်းသာသည်ဟုပြောဆိုလိုက်ပြီး ရေရှည် လုပ်ဆောင်ရမည့် ပြန်လည် ထူထောင်ရေးအတွက် သတင်းအချက်အလက်အမှန်များ ရရှိရန်အတွက်လည်း အရေးကြီးသည် ဖြစ်သောကြောင့်  နယ်ခံ NLD များက ပို့ပေးပါရန်လည်း တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က ‘ အထိရောက်ဆုံး အရေးကြီး အကူအညီကတော့ မှန်ကန်တဲ့သတင်း အချက် အလက် ရဖို့ပါပဲ။ ဘယ်နေရာမှာ ဘယ်လို အခက်အခဲဖြစ်နေတယ်။ ဘယ်လို အကူအညီလိုနေတယ်ဆိုတာ သိဖို့လိုပါတယ်။အဲလို သိမှသာ တကယ်လိုအပ်တဲ့နေရာကို လိုအပ်တဲ့ အကူအညီ ပို့နိုင်မှာ ဖြစ်ပါတယ်’ ဟု ပြောကြားထားသည်။   

လက်ရှိ ဖြစ်ပေါ်နေသော သဘာ၀ ဘေးအန္တရာယ်သည် နိုင်ငံအတွက် အရေးကြီးသည့် ရွေးကောက်ပွဲ ဆောင်ရွက်ရာတွင် လိုအပ်သည့် နိုင်ငံရေး လုပ်ဆောင်မှုများကို အတားအဆီးမဖြစ်အောင် ဆောင်ရွက်သွား မည်ဟုလည်း ဆိုသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ မှန်ကန်မှု အတွက် မေးခွန်းများ ရှိခဲ့ပြီး လက်ရှိ ရွေးကောက်ပွဲကို ယင်းကဲ့သို့ မဖြစ်စေရန် ဆောင်ရွက်မည်ဟုလည်း ၎င်းက ပြောကြားသည်။  

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

မြန်မာနိုင်ငံ တဝှမ်းလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်ပေါ်နေပြီး အသက်ဆုံးရှုံး သည်အထိလည်း ဖြစ်ပေါ်နေကာ သေဆုံးသူဦးရေမှာ ၄၀ ကျော် ရှိပြီ ဖြစ်ပြီး အိုးအိမ် ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်လျှက် ရှိသည်။ ဇူလိုင်လ တတိယအပတ်မှ စတင်ရွာသွန်းခဲ့သည့် မိုးနှင့် မုန်တိုင်းအဖျား ခတ်မှုကြောင့် စစ်ကိုင်း၊ ရခိုင်၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်းပြည်နယ်တို့တွင် သဘာေ၀ ဘေးအန္တရာယ်များကို ခံစားနေရကာ ယင်းတို့မှ မကွေး၊ စစ်ကိုင်း၊ရခိုင်နှင့် ချင်းပြည်နယ်တို့ကို သဘာဝဘေးသင့် ဒေသများအဖြစ် အစိုးရက ဇူလိုင်လ ၃၁ရက်တွင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly