နှိပ်စက်ခံအိမ်အကူမိန်းကလေးအမှုကို သာမန်နာကျင်စေမှုဖြင့် အာမခံပေးခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်ထံ တိုင်ကြား

နှိပ်စက်ခံအိမ်အကူမိန်းကလေးအမှုကို သာမန်နာကျင်စေမှုဖြင့် အာမခံပေးခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်ထံ တိုင်ကြား

ရန်ကုန် ၊ ဇူလိုင် ၁၁ ။             ။ အိမ်အကူအဖြစ်လုပ်ကိုင်နေစဉ် တစ်လအတွင်း အိမ်ရှင်လင်မယားကနေ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ခြင်းကို ခံခဲ့ရသည့် အသက် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေး မခိုင်နှင်းဝေ၏ အမှုကို ရဲစခန်းမှ သာမန်နာကျင်စေမှုဖြင့် နှိပ်စက်သူ အိမ်ရှင်လင်မယားကို အာမခံပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ကိစ္စဖြင့် ပတ်သက်ပြီး ကျေနပ်မှု မရှိခြင်းကြောင့် ရပ်ကွက်နေပြည်သူအချို့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် လူမှုရေးနှင့်စီမံခန့်ခွဲရေး ကော်မတီထံသို့ လာရောက်တိုင်ကြားခဲ့သည်ဟု   ကော်မတီအတွင်းရေးမှူးဖြစ်သူ တောင်ဒဂုံ မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆိုသည်။

"ဒီ အာမခံပေးလိုက်တဲ့ ပုဒ်မနဲ့ ပတ်သက်ပြီး အကျုံးဝင်သလားဆိုတာကို သေချာစိစစ်လေ့လာမှာပါ။ လောလောဆယ် တရားရုံးက ဆောင်ရွက်တာတွေ ရဲစခန်းက ဆောင်ရွက်တာတွေကို မှားခြင်း မှန်ခြင်းတွေကိုတော့ ဝေဖန်သွားမှာ မဟုတ်ပါဘူး" ဟု ဦးညီညီက ဆိုသည်။

နှိပ်စက်ခံရသူ မခိုင်နှင်းဝေသည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ တောဂရက် ကျေးရွာကနေ မေလ ၅ ရက်နေ့က ရန်ကုန်ကို အိမ်အကူအဖြစ်လုပ်ကိုင်ရန် ရောက်လာခဲ့ပြီး ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနဥယျာဉ်အိမ်ယာက အိမ်တစ်အိမ်တွင် လာရောက်လုပ်ကိုင်ခဲ့ရာမှ ယင်းကဲ့သို့ အနှိပ်စက်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ နှိပ်စက်မှုများ ကြုံခဲ့ရသော်လည်း ထွက်ပြေးရန် အခွင့်မသာခဲ့ဟု အသက် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေး မခိုင်နှင်းဝေက မဇ္ဈိမကို ဇွန်လ ၉ ရက်နေ့က ပြောဆိုထားသည်။

"ထွက်ပြေးလို့မှ မရတာ။သူတို့က ဂျက်ထိုးထားတာ။ အော်လို့လည်း မရဘူး။ သူတို့က တိုက်ခန်းထဲမှာ ပိတ်ထားတာ၊ အော်ရင်လည်း ကိုယ့်တိုက်ခန်းထဲ ကိုယ်ပဲ ကြားရမှာလေ" ဟု မခိုင်နှင်းဝေက ပြောသည်။

အဆိုပါ နှိပ်စက်ခံနေရကြောင်းကို ရပ်ကွက်နေသူအချို့က တိုင်တန်းခဲ့မှုကြောင့် ရပ်ကွက် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်ရပ်ကွက်ခံများက အဆိုပါအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုကိစ္စနှင့်ပတ်သက်ပြီး အလုပ်ရှင်၊အိမ်ရှင်လင်မယား အသက် ၃ဝ ကျော်အရွယ်၊ ကိုထွန်းထွန်းနှင့် မမြတ်နိုးသူတို့ကို ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆၊ ၃၂၅၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် အရေးယူထားပြီး ကလေး သူငယ်ဥပဒေဖြင့်လည်း အရေးယူနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနကို ဆက်သွယ်ထားပြီး ၊လူကုန်ကူးမှုနှင့် ငြိစွန်းခြင်း ရှိမရှိ သိနိုင်ရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကလည်း ပူးပေါင်းစစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် သာမန်နာကျင်စေမှုဖြင့်သာ အာမခံပေးခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲတပ်ဖွဲ့စခန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly