ပုဂ္ဂိုလ်ရေး ပဋိပက္ခကြောင့် လူရှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်မှု ထိုင်းမှာ ဖြစ်ပွား

ပုဂ္ဂိုလ်ရေး ပဋိပက္ခကြောင့် လူရှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်မှု ထိုင်းမှာ ဖြစ်ပွား

ဇူလိုင် ၁၁ ။             ။ ထိုင်းနိုင်ငံ Krabi ဒေသမှာ အစိုးရဝန်ထမ်းတွေယောင်ဆောင်ထားတဲ့ လက်နက်ကိုင်သေနတ်သမားတစ်စုက ကလေးသုံးဦးအပါအဝင် လူရှစ်ဦးကို ရက်ရက်စက်စက် ပစ်သတ်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဇူလိုင် ၁၀ ရက်က ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်းဖြစ်စဉ်ဟာ ပုဂ္ဂိုလ်ရေး ပဋိပက္ခတစ်ခုကြောင့် ဖြစ်ခဲ့ရတာဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူတွေက ကနဦး ပြောထားပါတယ်။

ပြောက်ကျားဝတ်စုံများ ဝတ်ဆင်ထားသည့် လက်နက်ကိုင်အမျိုးသား ခြောက်ဦး သို့မဟုတ် ခုနစ်ဦးခန့်ပါသည့် အဖွဲ့တစ်ခုက ဇူလိုင် ၁၀ ရက် ညနေ ၄ နာရီဝန်းကျင်က နိုင်ငံတောင်ပိုင်း   ဒေသက   နေအိမ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ယင်းနောက် သေနတ်သမားတွေက အိမ်တွင်းရှိ လူဆယ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အိမ်ပိုင်ရှင် ပြန်လာတဲ့အထိ စောင့်နေခဲ့ကြတယ်လို့ ဆိုပါတယ်။

" ည ရှစ်နာရီလောက်ကျတော့ အိမ်ပိုင်ရှင်လည်း ပြန်ရောက်လာရော၊ ဖမ်းထားတဲ့သူ အားလုံးကို လက်ထိပ်ခတ် မျက်လုံးကို စည်းလိုက်ကြပါတယ်၊ ပြီးတော့ ပစ်ခတ်သွားကြတာပါပဲ" လို့ Ao Luek ဒေသ အကြီးအကဲ Chaiwut Buathong က ပြောပါတယ်။

သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ခြောက်ဦး အခင်းနေရာမှာပဲ သေဆုံးသွားပြီး အခြားနှစ်ဦးက တော့ ဆေးရုံ ရောက်မှ သေဆုံးသွားတယ်လို့ သိရပါတယ်။ ကျန် သုံးဦးကိုတော့ ဆေးရုံမှာ တင်ပို့ကုသထားရပြီး ၎င်းအနက် တစ်ဦးက အခြေအနေစိုးရိမ်ရတယ်လို့လည်း သိရပါတယ်။

ပစ်ခတ်ခံရသူတွေဟာ ဒေသခံ မွတ်ဆလင်မိသားစုတစ်စု ဖြစ်ကြောင်းနဲ့ သေနတ်သမားတွေကတော့ သူတို့ကိုယ်သူတို့ တာဝန်ရှိသူတွေလို့ ဆိုပြီး အဆိုပါအိမ်ကို တရားမဝင်လုပ်ရပ်တစ်ခုနဲ့ပတ်သက်လို့ စစ်ဆေးချင်လို့ဆိုပြီး ဝင်ရောက်ပစ်ခတ်သွားခဲ့တာပြီး ထွက်ပြေးသွားခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ၎င်းတို့ရှာဖွေဖမ်းဆီးနိုင်ရေး တာဝန်ရှိသူတွေက စုံစမ်းနေလျက်ရှိတယ်လို့လည်း သိရပါတယ်။

" ဒီအမှုကို စုံစမ်းစစ်ဆေးနေပါတယ်၊ ကနဦး ယူဆထားတာကတော့ ဒါ ပုဂ္ဂိုလ်ရေး ကိစ္စကြောင့် လုပ်ကြံသတ်ဖြတ်သွားတာကို အာဏာပိုင်တွေကယူဆထားပါတယ်" လို့ Krabi ဒေသ ရဲဌာနမှ ရဲအရာရှိ Worawit Panprung က ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly