ညစ်ညမ်းပုံများအား လူမှုကွန်ရက်တွင် တင်သူကို ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထား

ညစ်ညမ်းပုံများအား လူမှုကွန်ရက်တွင် တင်သူကို ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထား

ရန်ကုန်၊ ဇွန်လ ၁၁ ။           ။ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် လူမှုကွန်ရက်စာမျက်နှာတွင် ညစ်ညမ်းပုံများ တင်သူကို ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၆ (ဃ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သာစည်မြို့မရဲစခန်းမှ အမှုစစ်ရဲ အရာရှိ ဒုရဲအုပ်ဝေဖြိုးအောင်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

အသက် ၃၂ နှစ်အရွယ် ထင်အောင်ဝင်း(ခ)အောင်အောင်ဆိုသူက လူမှုကွန်ရက်စာမျက်နှာတွင် ညစ်ညမ်းပုံများ တင်နေသည်ဟုဆိုကာ တိုင်ကြားချက်အရ ဇွန်လ ၉ ရက်တွင် သာစည်မြို့မရဲစခန်းမှ ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

“လက်ရှိကတော့ ဆက်ပြီးစုံစမ်းစစ်ဆေးနေပါတယ်။ လတ်တလောက အာမခံကိစ္စတွေက အဆင်မပြေသေး ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အပိုင်ထဲမှာ ကျွန်တော်တို့သွားဖမ်းတော့ သူ့ကိုယ်ပေါ်မှာ မူးယစ်ဆေးဝါးပါ ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် လက်ရှိမှာ တရားခံကို အမှတ် ၃ နယ်မြေရဲစခန်းကို လွှဲပေးထားပါတယ်”ဟု အမှုစစ်ရဲ အရာရှိ ဒုရဲအုပ်ဝေဖြိုးအောင်က ပြောသည်။

သာစည်မြို့မရဲတပ်ဖွဲ့မှ အဆိုပါ ညစ်ညမ်းပုံများတင်သူ ထင်အောင်ဝင်း(ခ)အောင်အောင်ဆိုသူကို သွားရောက် ဖမ်းဆီးခဲ့ရာတွင် ၎င်းထံမှ မူးယစ်ဆေးဝါးများပါ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းအမှုဖြစ်စဉ်မှာ သာစည်မြို့နယ်၊ အမှတ် ၆ တိုးချဲ့ရပ်ကွက်တွင်နေသူ အမျိုးသားတစ်ဦးက ၎င်းဇနီးဖြစ်သူ အသုံးပြုသည့် Fcebook Account တွင် ညစ်ညမ်းပုံများတင်ထားသည်ဟု ညီဖြစ်သူ ပြောပြချက်အရ ဇွန်လ ၂၇ ရက်တွင် သိရှိခဲ့ပြီး အဆိုပါအမျိုးသားက ဇနီးဖြစ်သူကို မေးမြန်းခဲ့ရာ ယင်း Fcebook Account ကို လွန်ခဲ့ သည့် ၄ နှစ်ခန့်က နေအိမ်တွင် အလုပ်လုပ်ကိုင်ခဲ့သော ထင်အောင်ဝင်း(ခ)အောင်အောင်ဆိုသူက လျှို့ဝှက်ကုဒ် နံပါတ်ပြောင်းကာ အသုံးပြုနေကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှတ် ၆ တိုးချဲ့ရပ်ကွက်တွင်နေသူ အမျိုးသားက ထင်အောင်ဝင်း(ခ)အောင်အောင်ဆိုသူအား ဆက်သွယ်ခဲ့ပြီး ထိုသို့မပြုလုပ်ရန်၊ ဇနီးဖြစ်သူ၏ ညစ်ညမ်းဓာတ်ပုံများအား ဖျက်ပေးရန် တောင်းဆိုခဲ့ရာ ထင်အောင်ဝင်း(ခ)အောင်အောင်ဆိုသူက မဖျက်ပေးနိုင်ဟု ပြောဆိုခဲ့သည့်အပြင် မိသားစုဝင်များကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထင်အောင်ဝင်း(ခ)အောင်အောင်ဆိုသူကို အမှတ် ၆ တိုးချဲ့ရပ်ကွက်တွင်နေသူ အမျိုးသားက သာစည်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် သာစည်မြို့မရဲစခန်းမှ ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၆ (ဃ)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly