ABSDF မှ ရဲဘော် မင်းဌေး အမှု လာမည့် ဇူလုုိင်လ ၁၇ ရက်နေ့တွင် စွဲချက် တင်၊မတင် ဆုံုးဖြတ်မည်

ABSDF မှ ရဲဘော် မင်းဌေး အမှု လာမည့် ဇူလုုိင်လ ၁၇ ရက်နေ့တွင် စွဲချက် တင်၊မတင် ဆုံုးဖြတ်မည်
Photo - Ko Min Htay (Facebook)

ချင်းမိုင်၊ဇူလိုင်လ ၁၀  ။            ။ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲခံထားရသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)မှ ရဲဘော် မင်းဌေး အမှုကို လာမည့် ဇူလိုင်လ ၁၇ ရက်နေ့တွင် စွဲချက် တင်သင့်၊ မတင်သင့် ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

ABSDF ရဲဘော် မင်းဌေးအမှုတွင် ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မိုးမောက်မြို့နယ် တရားရုံးတွင် တရားလိုပြသက်သေ ၁၀ ဦးထဲမှ နောက်ဆုံးတစ်ဦးဖြစ်သည့် မိုးမောက်ရဲစခန်းမှ အမှုစစ် ဒုရဲမှူး ခင်မောင်ထွေးကို စစ်ဆေးခဲ့ပြီး လာမည့် ရုံးချိန်းတွင် အမှုစွဲချက်တင်၊ မတင်ဆုံးဖြတ်မည် ဖြစ်ကြောင်း ရဲဘော်မင်းဌေး၏ ဇနီးဒေါ်နန်းရင်က ပြောသည်။

“တရားလိုပြသက်သေတွေ အကုန်လုံးပြီးသွားပြီဆိုတော့ အမှုစွဲသင့်၊ မသင့် တရားရုံးက ဆုံးဖြတ်ချက် ချမယ်။ တကယ်လို့ စွဲချက် တင်မယ်လို့ ဆုံးဖြတ်ရင်တော့ ကိုမင်းဌေးကို စစ်မယ်။ ပြီးတော့မှ သူ့ဘက်က သက်သေတွေ စစ်မယ်။ အခုက တရားလို ပြသက်သေတွေ စစ်တယ်။ တကယ်လို့ အဲဒီမှာ အမှုမစွဲသင့်ဘူး။ အမှု မမြောက်ဘူးဆိုရင်တော့ လွှတ်မှာပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

ABSDF က အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သလို၊ တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များသည် စွဲချက် တင်ရန် မသင့်ဘဲ ရဲဘော် မင်းဌေးကို တရားသေ လွှတ်ပေးသင့်သည်ဟု ဒေါ် နန်းရင်က ပြောသည်။

“ကျွန်မတို့က အပစ်ရပ်စဲထားတဲ့အဖွဲ့ဖြစ်တယ်။ အဓိက သူတု့ိကတော့ ဘတ်တံဆိပ်တွေပါတာမျိုးပြောတယ်။ ကေအိုင်အေနဲ့ တွဲရိုက်တဲ့ ဓါတ်ပုံတွေ ပါတယ်ဆိုတာမျိုးတွေ ပြောတယ်။ ဒီတော့ ကျမတို့က နဂိုကတည်းကနေ အဲဒီကေအိုင်အို ရှိတဲ့ နယ်မြေမှာဘဲ နေတဲ့အခါမှာ သူတ့ိုနဲ့ ဆက်ဆံပြီးတော့ ဒီလို ဓာတ်ပုံ ရိုက်တာတွေ ရှိတာပဲလေ။ နောက် ဘတ်တံဆိပ်ကလည်း ကျမတို့က အပစ်အခတ် ရပ်စဲထားပြီးပြီ ဆိုလို့ရှိရင် ကျမတို့မှာ သဘောတူညီချက်ရှိတယ်လေ။ လက်နက်ကတော့ သယ်လို့ မရဘူး။ ဒါပေမဲ့ ကိုယ့်အဖွဲ့အစည်းနဲ့ ပိုင်တဲ့ဥစ္စာတွေနဲ့ သွားတာက ပြဿနာမရှိတဲ့အခါမှာ အမှုစွဲစရာကို အကြောင်းကို မရှိဘူး။ တရားသေပေါ့နော်။ ဒါ စွဲချက်တင်သင့်တဲ့ အမှုမဟုတ်ဘူးလို့ မြင်တယ်”ဟု သူက ပြောသည်။

အကယ်၍ ရဲဘော်မင်းဌေး အမှုကို စွဲချက် တင်သင့်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ပါက ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)မှ ဆလိုင်းယောအောင်နှင့် ဒေါ်နန်းရင်တို့ တရားခံ သက်သေများအဖြစ် ထွက်ဆိုရန် ရွေးချယ်ထားသည်ဟု သူက ပြောသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ရဲဘော်မင်းဌေးကို ABSDF တပ်ရင်း ၁၀ အမှတ်တံဆိပ် ၁၅၀၊ တပ်ရင်း ၁၁ အမှတ်တံဆိပ် ၁၅၀၊ မြောက်ပိုင်း (မပ) အမှတ်တံဆိပ် ၇၀ စုစုပေါင်း အမှတ်တံဆိပ် ၃၇၀နှင့်အတူ ဖုန်းတလုံးတို့နှင့်အတူ ကချင်ပြည်နယ် ဗန်းမောင်-လွယ်ဂျယ်လမ်းပေါ်ရှိ စိန်လုံဂိတ်တွင် တပ်မတော်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ABSDF သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက ဦးသိန်းစိန် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နှင့် အတူ လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags