ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ ပေါ်ပေါက်လာရေး သင်တန်းပို့ချပေးနေ

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ ပေါ်ပေါက်လာရေး သင်တန်းပို့ချပေးနေ

မန္တလေး ။            ။ မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ ပေါ်ပေါက်လာရေးအတွက် ဇူလိုင်လ ၁၀ ရက်၊ နံနက် ၉ နာရီက မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ရှိ သစ်တောဦးစီးဌာန ဗဟိုသစ်တောလုပ်ငန်း ဖွံ့ဖြိုးမှု လေ့ကျင့်ပညာရေးဌာန သင်တန်းကျောင်းခွဲတွင် ဒေသခံ ၅၀ ဦးခန့်ကို သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။

'' သစ်တောတွေက အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးပြုန်းတီးခဲ့တယ်၊ သစ်တော ပြန်လည် ထူထောင်နိုင်ရေး စီမံကိန်းဆွဲပြီး တစ်နိုင်ငံလုံးက သစ်တောတွေ ပြန်လည်ထူထောင်နိုင်ဖို့၊ သစ်တောများ ပြုန်းတီးမှုကို လျော့ချနိုင်ဖို့၊ ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဒီနေ့ သင်တန်းပေးရတာဖြစ်ပါတယ်၊ အခုသင်တန်းက ပထမဆုံးအကြိမ်ပါ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ဒီလိုသင်တန်း ငါးကြိမ် ပြုလုပ်သွားမှာဖြစ်ပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။

သင်တန်းတွင် မြန်မာ့သစ်တောမူဝါဒ နှင့် သစ်တောများမှပေးသော အကျိုးကျေးဇူးများ၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာများ၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း၊ သဘာဝတော ထိန်းသိမ်းခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း လျှောက်ထားနည်းများ နှင့် လက်ရှိအခြေအနေ အလားအလာများကို သင်ကြားပေးခဲ့သည်။

'' ၂၀၁၃ တုန်းက သစ်တောကြိုးဝိုင်းမှာ နေတဲ့ လူဦးရေစာရင်း၊ အိမ်ထောင်စုစာရင်း ကောက်ခဲ့တယ်၊ ရွာတွေ လယ်တွေ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေကို သစ်တောကြိုးဝိုင်းထဲပါရင် သစ်တောမြေကနေ ပယ်ဖျက်ပေးခဲ့တယ်၊ ယာတွေကိုတော့ သီးနှံသစ်တော အခြေခံတဲ့ ဒေသခံ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း တည်ထောင်ခွင့် ထုတ်ပေးလိုက်ပါတယ်  ၊ ပြည်သူတွေအနေနဲ့    ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လျှောက်ထားခြင်းကို သက်ဆိုင်ရာ မြို့နယ်တွေမှာ စုံစမ်း လျှောက်ထားနိုင်ပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။

သင်တန်းကို ဇူလိုင်လ ၁၀ ရက် မှ ၁၄ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး သင်တန်းကာလအတွင်း သင်တန်းသားများ လက်တွေ့လေ့လာနိုင်ရန်အတွက် ရိုးစုံဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများသို့ သွားရောက်လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly