နော်စဲစဲ (WLB ၏ တွဲဘက် အထွေထွေအတွင်းရေးမှူး (၁)) နှင့် အင်တာဗျူး

နော်စဲစဲ (WLB ၏ တွဲဘက် အထွေထွေအတွင်းရေးမှူး (၁)) နှင့် အင်တာဗျူး

ချင်းမိုင်၊ဇူလိုင်လ ၁၀ ။            ။ နယ်စပ်ဒေသတွင် နှစ်ပေါင်းများစွာ အခြေစိုက်ခဲ့သော အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB က ဇူလိုင်လ ၃ ရက်မှ ၇ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သော ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးသော ငြိမ်းချမ်းရေးနည်းဗျူဟာ (Peace Strategic)ဆိုင်ရာ အလုပ်ရုံဆွေးနွေးမှု ပြုလုပ်နေသည်။

WLB က ပြီးခဲ့သည့် မတ်လက ကျင်းပခဲ့သော ညီလာခံမှ ငြိမ်းချမ်းရေး၊ အမျိုးသမီး တန်းတူရေး၊ ဖက်ဒရယ် ဒီမိုကရေစီ အရေး၊ တရားမျှတရေးတို့ကို မြန်မာနိုင်ငံအတွင်း အဓိက ရုံးစိုက်၍ ကွန်ရက်များတိုးချဲ့ လုပ်ဆောင်သွားရန် ဆုံးဖြတ်ချက်များ အကောင် အထည်ဖော်မှုများနှင့် လက်ရှိ ၅ ရက်ကြာ ဆွေးနွေးမှုတွင် လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအပေါ် ဆွေးနွေး သုံးသပ်ခြင်း၊ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံ ရလဒ်များကို သုံးသပ်ခဲ့သဖြင့် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ WLB ၏ တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) နော်စဲစဲကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည်။

မေး။ ။ WLB ရဲ့ ၅ ရက်ကြာ ကျင်းပတဲ့ဆွေးနွေးပွဲမှာ အဓိကဘာတွေ ဆွေးနွေးခဲ့ကြလဲ။

ဖြေ။ ။ ကျွန်မတို့လုပ်တဲ့ Workshop ကျမတို့ရဲ့ Central house ပေါ့နော်။ အတွင်းရေးကိစ္စလေးဖြစ်တော့ တချို့ကိစ္စပြောလို့ မရဘူး။ အထူးသဖြင့် ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ပြန်လည် သုံးသပ်တာလည်း ပါတယ်။ ပြီးလို့ရှိရင် ကျွန်မတို့ WLB ဆက်လက်ပြီးတော့ ဘယ်လို လုပ်ဆောင်သွားမဲ့အပိုင်းတွေ ဆွေးနွေးထားတာတော့ ရှိတာပေါနော်။

ဖြေ။ ကျွန်မတို့ ငြိမ်းချမ်းရေးသုံးသပ်တာကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း အမျိုးသမီး ပါဝင်ရေးပေါ့နော်။ မူအရ လက်ခံထားသော်ငြားလည်း အခုချိန်ထိ လက်တွေ့အကောင်အထည် မဖော်သေးတဲ့ အပိုင်းတွေ၊ နောက်ပြီးတော့ ကျွန်မတို့ အမျိုးသမီး ပါဝင်မှုအပိုင်းကလည်း မတည်ငြိမ်ဘူး။ တည်ငြိမ်တဲ့အပြင် ထပ်ပြီးတော့ တိုးအောင် လုပ်ဖို့လည်း မရှိဘူးပေါ့နော်။ ဆိုတော့ ကျွန်မတို့ WLB အနေနဲ့ နည်းလမ်းတွေရှာပြီးတော့ Strategy တွေ သုံးဖို့ပေါ့နော်။ ဆက်လက်ပြီးတော့ ကျွန်မတို့ အမျိုးသမီးတွေကို နည်းပညာပိုင်းဆိုင်ရာမှာသော်လည်းကောင်း အဲဒါတွေကို ပြန်ပြီးတော့ အားကောင်း လာအောင်လုပ်မယ်။ လုပ်ပြီးတော့ ကျမတို့ အခုပါသွားတဲ့ အမျိုးသမီးတွေအတွက်လည်း အထောက်အကူ ဖြစ်အောင် ပြီးလို့ရှိရင် နောက်ထပ်အမျိုးသမီး ခေါင်းဆောင်တွေ ပါဝင်လာနိုင်အောင်လို့ ကျွန်မတို့ ဆက်လက် လုပ်ဆောင်ဖို့တော့ ရှိတယ်ပေါ့။

အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာပေါ့နော်။ ကျွန်မတို့ တဖက်မှာလည်း CSO ဖိုရမ်မှာလည်း ပူးပေါင်းပါဝင်သလို၊ တခြားအမျိုး သမီးခေါင်းဆောင်တွေလည်း ပိုပြီးတော့ အားကောင်းလာအောင် နည်းလမ်းတွေ ရှာပေးမယ်။ ပြီးလို့ရှိရင် အထူးသဖြင့် နည်းပညာပိုင်းမှာသော်လည်းကောင်း ဆက်လက်ပြီးတော့ ကူညီနိုင်အောင် ကြိုတင်ပြင်ဆင်ပြီးတော့ မွေးထုတ်ဖို့တော့ ရှိတယ်။

မေး။ ။ လက်တွေ့ ဘယ်လို ပုံစံတွေနဲ့ ကြိုတင်ပြင်ဆင်သွားမှာလဲ။

ဖြေ။ ။ လက်တွေ့အနေနဲ့အခုက ကျွန်မတို့ စဉ်းစားနေတာက လူငယ်အမျိုးသမီးတွေကိုသော်လည်းကောင်း၊ ကျွန်မတို့ လက်ရှိ ရှိနေတဲ့ ငြိမ်းချမ်းရေးအပိုင်းမှာ စိတ်ဝင်စားနေတဲ့ အမျိုးသမီးတွေကို ခေါ်ပြီးတော့ သူတို့ကို ဥပမာ အခုလက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေး ဖြေစ်စဉ်ကိုလည်း အမြဲတမ်း Update ဖြစ်အောင် လုပ်ပေးမယ်။ ပြီးရင် နည်းပညာပိုင်းဆိုင်ရာကို ဘယ်လို မြှင့်တင်ပေးမယ် ဆိုတာတွေ၊ ဘာတွေ လိုအပ်ပြီးတော့ ဘာတွေကို မြှင့်တင်ပေးမဲ့အပိုင်းပေါ့နော်။ အဲဒီလိုမျိုး လုပ်ပြီးတော့ လိုအပ်ရင် ကျွန်မတို့လည်း လူပေးလို့ရအောင် အမျိုးသမီးများများ မွေးထုတ်ပေးမယ်။ အမျိုးသမီးတွေက သူ့ Level သူ ရှိနေမယ်။ တချို့ အမျိုးသမီး ခေါင်းဆောင်မှုပိုင်းမှာ ရှေ့ဆက်ပြီးတော့ ဦးဆောင်မှုအပိုင်းမှာ အတွေ့အကြုံများလာအောင်၊ ကျွန်မတို့က Exchange တွေ လုပ်ပေးဖို့တော့ ရှိတာပေါ့နော်။

မေး။ ။ ခုနက ပြောသွားတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာလည်း အမျိုးသမီးပါဝင်မှု မူအရ လက်ခံထားပေမဲ့ လက်တွေ့မှာ အကောင်အထည်ဖော်မှု မရှိဘူးဆိုတဲ့အပေါ်မှာ WLB အနေနဲ့ ဘယ်လို ဆက်လုပ်သွားမလဲ။

ဖြေ။ ။ တိုင်းရင်းသားအဖွဲ့အစည်းတွေက အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ မိုင်ဂျာယန် အစည်းအဝေးတုန်းကတည်းက လက်ခံထားပြီးသား၊  ဒါပေမဲ့တကယ့်တကယ်ဆိုရင် အမျိုးသမီးတွေက decision Level မှာ မပါနေသေးဘူး။ မပါနေတဲ့အပြင် မပါတာကတော့ သူတို့အတွက်လည်း အခက်အခဲ ရှိချင်လည်း ရှိနိုင်မှာပေါ့နော်။ ဒါပေမဲ့ နည်းလမ်းတွေကို မဖွင့်တာလေ။ ဥပမာ သူတို့အဖွဲ့အစည်းတိုင်းမှာ အမျိုးသမီးပါဝင်ရေးကို ဦးစားပေးတဲ့ကဏ္ဍတခု ချမှတ်တာလား။ ဒါမှမဟုတ် ပေါ်လစီအရ မြှင့်တင်တာတို့ အဲဒါမျိုးတွေ တချို့တော့ရှိတယ်။ တချို့တော့ မရှိဘူးပေါ့နော်။ တချို့အဖွဲ့အစည်းတွေတော့ ရှတယ်။ ဒါပေမဲ့ အကောင်အထည် မဖော်ဘူးပေါ့နော်။ အဲဒါတွေကို ပိုပြီးတော့ Highlight လုပ်သွားဖို့ပေါ့နော်။ ပြီးလို့ရှိရင် ကျွန်မတို့က အမျိုးသမီး ပါဝင်ရေးကလည်း အမျိုးသမီးနေရာကို သွားယူတာ မဟုတ်ဘဲနဲ့ ကျွန်မတို့ တထောင့်တနေရာမှာ နိုင်ငံရေး အရ သော်လည်းကောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မားမားမတ်မတ် ပြောနိုင်ဆိုနိုင်တဲ့အပိုင်းတွေ၊ ပြောနိုင်ဆိုနိုင်တဲ့ လူတွေကိုလည်း ကျွန်မတို့လည်း ပို့ရမဲ့အပိုင်းပေါ့နော်။ တချို့ တော်တော်များများက တချို့ခေါင်းဆောင်တွေ မြင်နေတာကတော့ ကျွန်မတို့အမျိုးသမီးပါဝင်ရေးလို့ ပြောတဲ့အခါမှာ သူတို့ ကိုယ်နေရာရဖု့ိပဲ၊ အမျိုးသမီးနေရာရဖို့ပဲ စဉ်းစားတယ်ပေါ့။ ဒါပေမဲ့ ကျွန်မတု့ိရဲ့အဓိပ္ဗါယ်က နေရာရဖို့မဟုတ်ဘူး။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တစ်ခုသော်လည်းကောင်း၊ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ဆွေးနွေးနိုင်အောင်ပေါ့နော်။ ပြီးလို့ရှိရင် အမျိုးသမီးအရေး ထည့်သွင်းဆွေးနွေးနိုင်ဖို့ပါပဲ။ နေရာယူဖို့တော့ မဟုတ်ဘူးပေါ့နော်။

မေး။ ။ အခု UNFC အဖွဲ့ထဲမှာလည်း အမျိုးသမီးပါဝင်မှုကတော့ နည်းနေသေးတယ်ပေါ့နော်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြီးသွားတဲ့ UNFC အဖွဲ့ဝင်တွေထဲမှာပါတဲ့ DPN မှာ အမျိုးသမီးတစ်ဦးပါဝင်လာတဲ့အပေါ်မှာရော ဘယ်လို ပြောမြင်လဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ အဲဒါတွေလည်း ကျွန်မတို့ ဆက်တိုက်တွန်းဖို့ ရှိတယ်ပေါ့နော်။ ဒါကတော့ သူတို့ကတော့ ဟိုး အစကတည်းက တိုက်တွန်းထားပြီးသားပေါ့နော်။ အခုဆိုရင် DPN မှာလည်း ကျမတို့ WLB က တစ်ယောက်ပါ သွားပြီပေါ့နော်။ ကျွန်မတို့အတွက် ရှေ့ဆက် အလားအလာရှိတယ်လို့ မြင်တယ်ပေါ့နော်။ ဒါပေမဲ့ အားမလျော့ဘဲ ဆက်တွန်းဖို့ လိုတာပေါ့နော်။ ပြီးလို့ရှိရင် တဖက်မှာလည်း ကျွန်မတို့ အမျိုးသမီးတွေလည်း ဒီလိုနေရာမှာ ပိုပြီးတော့ ပါဝင်လာနိုင်အောင်လည်း နိုင်ငံရေး အမြင်တွေ၊ နိုင်ငံရေးကဏ္ဍတွေမှာ အထူးသဖြင့် သွားနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ အသိပညာတွေ တိုးမြှင့်လာအောင်တော့ ကျွန်မတို့ လုပ်ဆောင်မဲ့အပိုင်းတွေ ရှိတာပေါ့နော်။

ကျွန်မတို့ကတော့ တဖက်မှာလည်း သူကလည်း WLB နဲ့နီးနီးကပ်ကပ်လုပ်တယ်။ ပြီးလို့ရှိရင်သူက ကျွန်မတို့ရဲ့ WLB မူဝါရေးရာကော်မတီဝင် တယောက်လည်း ဖြစ်တယ်ပေါ့နော်။ ဆိုတော့ တဖက်မှာလည်း သူ့ရဲ့ အဖွဲ့ကလည်း နဂိုကတည်းက ပေါ်လစီ ရှိပြီးသား ကိုယ်စားပြုမှုဆိုရင် အမျိုးသမီးတယောက်၊ လူငယ်တယောက်ဆိုပြီးတော့ ရှိတဲ့အခါကြတော့ အခွင့် အလှမ်းရှိသလို၊ ကျွန်မတို့ WLB မှာလည်း အမျိုးသမီးပါဝင်ရေး ဆိုပြီး တွန်းတဲ့အခါမှာ အားကောင်းတာပေါ့နော်။ ပြောရမယ် ဆိုရင်တော့ ဝမ်းသာတယ်။ ကျမတို့တောင် သူအဲဒီလိုမျိုးပါဝင်ရေးကိုလည်း ကျွန်မတို့ အသိအမှတ်ပြုတဲ့အနေနဲ့ တခုခုတော့ စဉ်းစားဖို့ လိုတယ်ဆိုပြီးတော့ ပြောကြတယ်။ အထူးသဖြင့် သူကိုယ်တိုင်လည်း ကြိုးစားတယ်။ တဖက်က ကျွန်မတို့ အမျိုး သမီးတွေ တွန်းတဲ့သဘောပေါ့နော်။ Advocacy လုပ်တဲ့သဘောမျိုးဆိုတော့ ပိုပြီးတော့ အားကောင်းတယ်လေ။ ကျမတို့ အရမ်းပျော်တယ်။ မျော်လည်း မျော်လင့်တာပေါ့နော်။ ဒီလို တယောက်ပါလာပြီဆိုရင် နောက်ထပ် ပါလာဖို့ကတော့ သူလည်း တဖက်မှာ အဲဒီအတွင်းရေးမှာ သူပြောနေမယ်။ ကျမတို့လည်း တဖက်မှာ ပြင်ဆင်မယ်။ သူ့ကိုလည်း Support လုပ်နိုင်တဲ့ အပိုင်းတွေ ကျွန်မတို့ စဉ်းစားပါတယ်။

မေး။ ။ WLB ခုလို အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင်လာဖို့ တခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုရော ဆက်လက် တိုက်တွန်းသွားဖို့ရော ရှိမလား။

ဖြေ။ အခုက အမျိုးသမီးပါဝင်လာမှုကတော့နည်းနည်းပွင့်လာသလိုပေါ့နော်။ အဲဒီ ၁၀ ယောက်လောက်မှာ တယောက်ဘဲ ပါတယ်ဆိုတော့ ပြောရမယ်ဆိုရင် နည်းနည်း အမြင်ပွင့်လာပြီပေါ့နော်။ ကျွန်မတို့ ဒီလို အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ အစိုးရကိုလည်း တိုက်တွန်းဖို့ရှိတယ်။ အထူးသဖြင့် ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ဆက်လက် တိုက်တွန်းသွားဖို့ ရှိတယ်။ ဒါပေမဲ့ ပြဿနာက အစိုးရဘက်မှာက အမျုးိသမီးတွေ ပါဝင်ရေးဆိုတဲ့ အဓိပ္ဗါယ်ကိုတော့ သူတို့က သိပ်နားမလည်တဲ့အပိုင်းတွေ ရှိတာပေါ့နော်။ အဲဒါကို ကျမတို့ လောဘီ လုပ်ရမဲ့အပိုင်းတွေ ရှိတယ်။ Advocacy လုပ်ရမဲ့ အပိုင်းတွေ ရှိတာပေါ့နော်။ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဘက်မှာတော့ တော်တော်များများ ကြားဖူးနားဝတော့ ဖြစ်နေပြီ။ ဒါပေမဲ့ အကောင်အထည်ဖော်ရမဲ့ အပိုင်းမှာ အားနည်းနေသေးတယ်။

မေး။ ။ ဒီ ငါးရက်ကြာ ဆွေးနွေးမှုထဲမှာ WLB အနေနဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လို သုံးသပ်ခဲ့ကြလဲ။ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံက ရလဒ်ဖြစ်တဲ့ အချက် ၃၇ ချက်အပေါ်မှာရော ဘယ်လို သုံးသပ်ခဲ့ကြလဲ။

ဖြေ။ ။ ကျွန်မတို့ ညီလာခံကတည်းက ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ ပြန်လည် ပြီးတော့ သုံးသပ်တော့ ဘယ်လို ဆက်လက် အကောင်အထည်ဖော်သွားမယ်ဆိုတာကိုဘဲ ဆွေးနွေးတာ ဖြစ်တယ်။ ညီလာခံမှာ ဆိုရင်လည်း ကျွန်မတို့ တိုင်းရင်းသား အဖွဲ့တွေဘဲဖြစ်ဖြစ်၊ ကျွန်မတို့ အမျိုးသမီးတွေ အားလုံး ပါဝင်ရေးကို အဓိကထားပြီးတော့ avocate လုပ်ခဲ့တယ်။ ပြောခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ လက်ရှိ အခြေအနေဆိုရင် အားလုံးပါဝင်ရေးဆိုတာ မရှိနေသေးဘူး။ အဲဒါလည်း ဆက်ရှိဖို့ လိုသေးတယ်။ ငြိမ်းချမ်းရေးကို ပြန်လည် သုံးသပ်ဖို့ လိုတယ်ဆိုတာကို ကျမတို့ သုံးသပ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်စဉ်အပေါ်မှာ သူတို့ ကော်မတီဘဲ ဖြစ်ဖြစ်၊ ကော်မတီ တဖွဲ့နဲ့ တဖွဲ့ဖြစ်ဖြစ် အဲဒီအပေါ်မှာ ပြန်ပြီး သုံးသပ်ဖို့ လိုတယ်။ အဲဒီအပေါ်မှာလည်း ကျမတို့ အမျိုးသမီးတွေကိုလည်း ထည့်သွင်း စဉ်းစားပေးဖို့ပေါ့နော်။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့ EAOs အဖွဲ့တွေပေ့ါနော်။ ဥပမာ မူဘောင်ထဲမှာ ရှိတဲ့ဟာကို အကောင်အထည်ဖော်နိုင်အောင်ပေါ့နော်။ ပြီးလို့ရှိရင် NCA က သဘောတူထားတာတွေကို အကောင်အထည်ဖော်နိုင်အောင် သုံးသပ်တဲ့အချိန်မှာ အမျိုးသမီးတွေကို ထည့်သွင်းစဉ်းစားပေးဖို့ အဲဒီလိုမျိုးပေါ့နော်။

ပြီးတော့ ၂၁ ရာစု ဒုတိယ ညီလာခံမှာ ထွက်ရှိလာတဲ့သဘောတူညီချက်တွေထဲက တော်တော်များများ အချက်တွေက ကျမတို့ သုံးသပ်တယ်။ အဲဒီမှာ ကျွန်မတို့ စိုးရိမ်နေတာက အဓိက ကျွန်မတို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကျမတု့ိ WLB ကလည်း အထူးသဖြင့် ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုရင် ပြည်နယ်နဲ့ အမျိုးသား ပြည်နယ်များကို အခြေခံ ပြီးတော့ သွားမဲ့ အနေအထားတွေ ရှိတယ်ပေါ့နော်။ အဲဒီလိုမျုးိ ရပ်တည်ချက်တွေတော့ ရှိတယ်။ ဒါပေမဲ့ အခု ထွက်ရှိ လာတဲ့ သဘောတူညီချက်က တိုင်းနဲ့ ပြည်နယ်နဲ့ အခြေခံပြီးတော့ သွားမဲ့ပုံမျိုးပေါ့နော်။ အဲဒီမှာလည်း ကျွန်မတို့ စိုးရိမ်တယ်။ ပြီးလို့ရှိရင် တော်တော်များများ အချက်တွေက တချိုု့အချက်တွေက အန်စီအေ လမ်းကြောင်း အတိုင်းမဟုတ်ဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်းပေါ့နော်။ တချို့ဆိုရင်လည်း ဥပဒေအရပေါ့နော်။ အဲဒီလိုမျိုးတွေပေါ့နော်။ ဆိုတော့ ကျွန်မတို့ သုံးသပ်တာက အဲဒီဥပဒေကလည်း အခုဥပဒေပဲ။ တော်တော် များများ အစိုးရက မြင်နေတာပေါ့နော်။ တဖက်မှာလည်း ကျွန်မတို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေသော်လည်းကောင်း၊ တခြားနိင်ငံရေးပါတီတွေ ဆွေးနွေးနေတာကတော့ ဒါက ဖွဲ့စည်းပုံ ဆိုရင်လည်း အနာဂတ်ဖွဲ့စည်းပုံ၊ အနာဂတ် ဥပဒေလို့ မြင်နေတာပေါ့နော်။ ဒါပေမဲ့အခုလက်ရှိမှာ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အောက်မှာ ထည့်သွင်းထားတဲ့သဘောမှာ ရှိနေတယ်ပေါ့နော်။

ပြီးရင် အမျိုးသမီးအခန်းကဏ္ဍကလည်း ပေါ်ပေါ်ထင်ထင်မရှိသေးဘူး။ ကျွန်မတို့မေးကြည့်သလောက် အမျိုးသမီးအရေးကို အခုလက်ရှိ မဆွေးနွေးထားဘူး။ ဆက်လက်ပြီးတော့ ဆွေးနွေးရမဲ့အပိုင်းတွေ ရှိတယ်ပေါ့နော်။ အဲဒီလို ပြောထားတာ ရှိတယ်။ ဒါပေမဲ့လောလောဆယ်ပါဝင်နေတဲ့ထဲမှာဆိုရင် မြေယာနေရာတစ်ခုပဲ အမျိုးသမီးပိုင်ဆိုင်ခွင့် နည်းနည်းလည်း ပါတာတော့ ရှိတာပေါ့။ တခြားလူမှုရေးအပိုင်းမှာဆိုရင် အထူးသဖြင့် ကူညီပံ့ပိုးရမဲ့ လူတွေပေါ့နော်။ အထူးဦးစားပေးရမဲ့ လူတွေဆိုရင်လည်း အမျိုးသမီးပါသွားတာ တစ်ချက်ပေါ့နော်။ ဒါပေမဲ့ အရေးကြီးတဲ့ ကဏ္ဍက မပါသေးတဲ့အနေအထားတွေတော့ ရှိတယ်ပေါ့။

မေး။ ။ ဆိုတော့ အမျိုးသမီးတွေအရေးအတွက် ဘယ်လို ကဏ္ဍထဲမှာ ပါဝင်သင့်တယ်လို့ အကြံပြုချင်လဲ။

ဖြေ။ ။ အခုက သူတို့က အခြေခံမူတွေပဲ။ ပြောတဲ့အခါမှာ သူတို့က တပိုင်းတပိုင်းပြောသွားမယ်လို့တော့ မြင်တယ်ပေါ့နော်။အခုဆိုရင် တန်းတူရေးတို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ ပြီးလို့ ရှိရင် ဖွဲ့စည်းပုံအပိုင်းတွေမှာဆိုရင် ကျွန်မတု့ိ အမျိုးသမီး ရှုထောင့် အနေနဲ့ ကြည့်ရမယ်ဆိုရင်တော့ မူအရနဲ့တော့ ထည့်သင့်တာပေါ့နော်။ ထည့်သင့်တယ်ဆိုတာကလည်း တန်းတူရေး ဆိုတာက ကျွန်မတို့ အမျိုးသမီး တိုင်းရင်းသားတန်းတူရေးကို စဉ်းစားသလိုပေါ့နော်။ အမျိုးသမီးကိုလည်း ဘယ်လို မူအရနဲ့ အာမခံ ရှိရှိနဲ့ ဘယ်လို ထည့်သွင်းမလဲပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီထဲမှာ မထည့်ဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြခံ ဥပဒေ ပြန်ရေးလို့ရှိရင် ထည့်ခွင့်ရှိလား။ မရှိလား အဲဒါလည်း ရှိသေးတယ်။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ ပြန်ရေးလို့ရှိရင် အဲဒီမူတွေအပေါ်မှာဘဲ အခြေခံပြီးတော့ ပြန်ရေးမှာလေ။ ဆိုတော့ ကျွန်မတို့ အဲဒီအပိုင်းကို စိုးရိမ်တော့စိုးရိမ်တယ်။ ဒါပေမဲ့ သူတို့က နောက်ဆက်တွဲ ရှိသေးပါတယ်ဆိုတာကိုတော့ ပြောထားတာပေါ့နော်။ ပြီးရင် အခုသွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း ကျွန်မတို့ စိုးရိမ်တာကတော့ တစ်ဖက်မှာတော့ သွားနေတာဘဲ။ ဒါပေမဲ့ စစ်ပွဲတွေလည်း ဖြစ်နေတဲ့အပေါ်မှာ ဒီဟာတွေလည်း တစ်နိုင်ငံလုံး အတိုင်းအတာ ဖြစ်အောင် သုံးသပ်တာပေါ့နော်။

မေး။ ။ နောက်ပြီး မကြာခင်ကပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နယ်မြေထဲ သတင်းသွားယူခဲ့တဲ့ သတင်းထောက်တွေကို ဖမ်းဆီးမှုတွေလည်း ရှိနေတော့ အခု ရောက်နေတဲ့ ငြိမ်းချမ်းရေးကို ဘယ်လို အခြေအနေမှာ ရှိနေတယ်လို့ ပြောချင်လဲရှင်။

ဖြေ။ ။ ကျွန်မတို့ကတော့ လက်ရှိ ငြိမ်းချမ်းရေး အခြေအနေက ငြိမ်းချမ်းရေးလို့တောင် ပြောလို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ တဖက်မှာလည်း ငြိမ်းချမ်းရေးကို ဘန်းပြပြီးတော့ နိုင်ငံရေး ပဋိပက္ခ တွေ အများကြီးရှိတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ပြဿနာတွေကိုလည်း မဖြေရှင်းတဲ့အပြင် ထပ်ထပ်ပြီးတော့ ပြဿနာတွေ ပေါ်လာတာပေါ့နော်။ အခုဆိုရင် ၁၇၊ ၁ နဲ့ ခြိမ်းခြောက်ခံရတဲ့ ဟာတွေလည်း ရှိတယ်။ အထူးသဖြင့် သတင်းသမားတွေကို သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ပြီးတော့ ချိန်းခြောက် သလို မျိုးပေါ့နော်။ သတင်းမီဒီယာတွေကို ခြိမ်းခြောက်တာလဲဖြစ်တယ်။ တဖက်မှာလည်း CSO အဖွဲ့ အစည်းတွေ ပေါ့နော်။ ငြိမ်းချမ်းရေးကို သွားမယ်ဆိုရင်တော့ တရားဝင် အသင်းပဲဖြစ်ဖြစ်၊ တရားမဝင်တဲ့ အသင်းပဲ ဖြစ်ဖြစ် အဲဒီလို ပူးပေါင်းဆောင်ရွက်မှုတွေတော့ ရှိမှာဘဲ။ ဒါပေမဲ့ အဲဒီလိုမျိုး လုပ်ခြင်းအားဖြင့် ပြည်သူလူထုအပြင် CSO တွေလည်း ပါဝင်ဖို့တော့ နည်းနည်း သူတို့အတွင်း ကြောက်နေရတဲ့ အပိုင်းတွေ ရှိမှာပေါ့။ နောက်တစ်ခုကြတော့ သတင်းသမားတွေကို ဒီလိုလုပ်တာက တော်တော်ရုပ်ဆိုးတယ်။ တဖက်မှာလည်း ငြိမ်းချမ်းရေးကို ပြနေတယ်။ တဖက်မှာလည်း ပဋိပက္ခတွေကို လုပ်နေတယ်ဆိုတဲ့ဟာမျိုးပေါ့။ နောက်တစ်ခုက သတင်းရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ပြီးတော့ ပြည်သူလူထုကြားမှာ သတင်းမီဒီယာတွေ၊ အထူးသဖြင့် ပြည်သူလူထုကြားမှာ လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခသော်လည်းကောင်း ပြဿနာတွေကို မပြချင်တာလည်း ဖြစ်နိုင်တယ်။ အဲဒီသတင်းတွေကို မဖြန့်ချင်တာလည်း ဖြစ်တာပေါ့။ ပြောရမယ်ဆိုရင် သတင်းမီဒီယာတွေကို တဖြည်းဖြည်း ပိတ်ပင်သွားမယ်ဆိုတဲ့သဘောမျိုးပေါ့နော်။

မေး။ ။ နောက်ဆုံးအနေနဲ့ ပြည်တွင်းမှာ အဓိက ငြိမ်းချမ်းရေး၊ အမျိုးသမီး တန်းတူရေး၊ ဖက်ဒရယ် ဒီမိုကရေစီ အရေး၊ တရားမျှတရေးတွေမှာ ပြည်တွင်းမှာ အဓိက ရုံးစိုက်ပြီးတော့ ကွန်ရက်တွေ တိုးချဲ့ လုပ်ဆောင်သွားမယ် ဆိုပြီး ပြီးခဲ့တဲ့ WLB ညီလာခံမှာ ဆုံးဖြတ်ခဲ့ပြီးနောက် ဘာတွေ လုပ်ဆောင်နေပြီလဲဆိုတာ သိပါရစေရှင်။

ဖြေ။ ။ အခု ကျွန်မတို့ လုပ်ငန်းတွေ တော်တော်များများ အလုပ်ကိစ္စတွေက ပြည်တွင်းမှာပဲရှိတယ်။ ဥပမာ အမျိုးသမီးစွမ်းအင်မြှင့်တင်ရေးကျောင်းတို့၊ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေ၊ သုတေသန လုပ်တာတွေလည်း ပြည်တွင်းမှာပဲ လုပ်တယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ CSO ဖိုရမ်တွေနဲ့ ပူးပေါင်းပါဝင်လုပ်တာတို့၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကိုယ်စားပြုလေ့လာတာတို့ပေါ့နော်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags