အဲဗာတန်နဲ့အတူ ဆုဖလားတွေရယူလိုတယ်လို့ ပြောလိုက်တဲ့ ရွန်နီ

အဲဗာတန်နဲ့အတူ ဆုဖလားတွေရယူလိုတယ်လို့ ပြောလိုက်တဲ့ ရွန်နီ

ဇူလိုင် ၁၀၊ အင်္ဂလန် ။    ။ မန်ယူအသင်းကနေ အဲဗာတန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့သွားတဲ့ ဝိန်းရွန်နီက သူ့ရဲ့အသင်းဟောင်းနဲ့ အတူ ဆုဖလားတွေရယူချင်တယ်လို့   ပြောဆိုလိုက်ပါတယ်။

အဲဗာတန်အသင်းဟာ ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူကို မန်ယူအသင်းထံ ပေါင် ၇၅ သန်းနဲ့ရောင်းချခဲ့ပြီးတဲ့နောက် ရွန်နီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ရွန်နီဟာ အဲဗာတန်အသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ကျောနံပါတ် ၁၀ အင်္ကျီကိုပဲ ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။ ဒီနံပါတ် ၁၀ က အဲဗာတန်အသင်းမှာ သူလေးစားအားကျရတဲ့ ဒန်ကန်ဖာဂူဆန်ဝတ်ဆင်ခဲ့တဲ့ နံပါတ်လည်း ဖြစ်ပါတယ်။

‘အဲဗာတန်နဲ့ဆုဖလားတွေရယူပြီး ထိပ်ဆုံးကိုရောက်ချင်ပါတယ်။ အဲဗာတန်မှာရှိနေတဲ့ ကစားသမားအင်အားအရ ဆုဖလားတွေရနိုင်မယ်လို့ ကျွန်တော်အမှန်တကယ်ခံစားရပါတယ်။ ဆုဖလားတစ်ခုခု ကျွန်တော်တို့ရယူနိုင်မှာ သေချာပါတယ်’ လို့ ရွန်နီက ဆိုပါတယ်။

အဲဗာတန်အသင်းဟာ ၁၉၉၅ ခုနှစ်က အက်ဖ်အေဖလားကို နောက်ဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ရွန်နီက အသက် ၉ နှစ်အရွယ်သာရှိပါသေးတယ်။

မန်ယူအသင်းမှာ ၁၃ နှစ်ကြာကစားခဲ့ချိန်က ရွန်နီဟာ ကစားသမားတစ်ဦးအနေနဲ့ ရရှိနိုင်သလောက်ဆုဖလားအားလုံးကို ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အဲဗာတန်နဲ့အတူ ဆုဖလားတွေရယူနိုင်ဦးမယ်လို့ ရွန်နီက ယုံကြည်နေပါတယ်။

ရွန်နီက အဲဗာတန်အသင်းကို သူစွန့်ခွာသွားခဲ့တာ ၁၃ နှစ်ကြာမြင့်သွားပြီဖြစ်ပေမယ့် ညအိပ်တဲ့အချိန်တိုင်း သူ့ရဲ့ကလေးတွေနဲ့အတူ အဲဗာတန်အသင်းရဲ့ညအိပ်ဝတ်စုံကို ဝတ်ဆင်ကြတယ်လို့လည်း ဆိုသွားခဲ့ပါသေးတယ်။

ဒါ့အပြင် ရွန်နီက သူမန်ယူမှာ ကစားခဲ့တဲ့ ၁၃ နှစ်တာကလအတွင်း သူ့အပေါ်အကောင်းဆုံးဆက်ဆံခဲ့တဲ့ ဘုတ်အဖွဲ့ဝင်များ၊ နည်းပြများ၊ မန်နေဂျာများ၊ တွဲဖက်ကစားခဲ့ကြတဲ့အသင်းဖော်များ၊ အလုပ်အတူတွဲလုပ်ခဲ့ကြတဲ့ ဝန်ထမ်းများ၊ နောက်ဆုံးအကောင်းဆုံးထောက်ခံအားပေးခဲ့ကြတဲ့ မန်ယူပရိသတ်များအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly