ပြီးပြည့်စုံသည့်အခွင့်အရေးဖြစ်၍ မန်ယူသို့ပြောင်းရန် နှစ်ခါမစဉ်းစားခဲ့ရဟု လူကာကူဆို

ပြီးပြည့်စုံသည့်အခွင့်အရေးဖြစ်၍ မန်ယူသို့ပြောင်းရန် နှစ်ခါမစဉ်းစားခဲ့ရဟု လူကာကူဆို

ဇူလိုင် ၁၀၊ မန်ချက်စတာ။            ။ ပြီးပြည့်စုံသည့်အခွင့်အရေးဖြစ်နေသောကြောင့် မန်ချက်စတာယူနိုက်တက်သို့ပြောင်းရန် နှစ်ခါစဉ်းစားရခြင်းမရှိခဲ့ဟု ရိုမယ်လူ လူကာကူက ပြောသည်။

အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးသည် အသင်းဟောင်းချယ်လ်ဆီးကဈေးနှုန်းတန်းတူပေးသည့်တိုင် ယူနိုက်တက်သို့သာ ကနဦးပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းဖြင့် ပြောင်းရန်ဆုံးဖြတ်ခဲ့သည်။

“ဒီအသင်းက ပရီးမီးယားလိဂ်ဖလားပြန်လည်ရယူဖို့နဲ့ ကမ္ဘာကိုတဖန်ပြန်လည်လွှမ်းမိုးနိုင်ဖို့ ဆန္ဒပြင်းပြနေတဲ့အသင်းဖြစ်ပါတယ်။ အခုလိုအခွင့်အရေးမျိုးကို ကျွန်တော်ငယ်ဘဝကတည်းက အမြဲတမ်းတောင့်တခဲ့တာပါ”ဟု လူကာကူနှင့် ESPN နှင့် သီးသန့် အင်တာဗျူးတွင် ပြောသည်။

ယူနိုက်တက်အနေဖြင့် လူကာကူအတွက် ပြောင်းရွှေ့ကြေးအပိုထပ်ဆောင်းငွေ ပေါင် ၁၅ သန်းထပ်ပေးရဦးမည်ဟု ဘီဘီစီစပို့က ဖော်ပြထားသည်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးကို ချယ်လ်ဆီးအသင်းကပြန်လည်ခေါ်ယူရန်ကြိုးစားခဲ့သော်လည်း ကစားသမား၏အေးဂျင့် ရွိုင်အိုလာ တောင်းသည့်ဈေးကို ယူနိုက်တက်ကဲ့သို့ပေးရန်ဆန္ဒမရှိခဲ့ဟု ဘီဘီစီကပင်ဆက်လက်ဖော်ပြခဲ့သည်။

လူကာကူက “သူတို့ဆက်သွယ်လာတော့ ကျွန်တော်နှစ်ခါတောင်မစဉ်းစားလိုက်ရဘူး။ အသင်းသမိုင်းရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့်ရတော့မယ်ဆိုတော့ တကယ်ဝမ်းသာသွားမိတယ်။

ကမ္ဘာ့အကြီးဆုံးကလပ်ကို ဘယ်သူကငြင်းဆန်နိုင်မလဲ။ အင်္ဂလန်မှာအကောင်းဆုံးကွင်းကြီးနဲ့ ပရိသတ်တွေကို ပိုင်ဆိုင်ထားတယ်။ ပြီးပြည့်စုံတဲ့အခွင့်အရေးပဲလို့ ပြောချင်တာပါ။

ကျွန်တော်အမြဲပြောတဲ့ ဆုဖလားတိုင်းကိုစိန်ခေါ်နိုင်တဲ့အသင်းဆိုတာ ဒီလိုအသင်းမျိုးပါ။ လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ သြဇာကြီးမားတဲ့ အင်အားကြီးအသင်းဖြစ်ချင်နေတယ်။

အခုတော့ အလုပ်ကိုပြင်းပြင်းထန်ထန်ကြိုးစားရမယ့်အချိန်ရောက်ပါပြီ။ ဘယ်တုန်းကနဲ့မှမတူတဲ့ ကြိုးစားပုံမျိုးနဲ့ ကျွန်တော် ကြိုးစားရတော့မယ်။ အဲဒီလိုလုပ်ဖို့လည်း ဆန္ဒရှိပါတယ်”ဟု ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly