“လွှတ်တော်ကို ရွှေ့ဆိုင်းတာ ပြဿနာတွေကို ရှောင်လွှဲဖို့လား”

“လွှတ်တော်ကို ရွှေ့ဆိုင်းတာ ပြဿနာတွေကို ရှောင်လွှဲဖို့လား”

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ခုအချိန် မြန်မာနိုင်ငံ နေရာအများအပြားမှာ ရေဘေးပြဿနာ ကြုံနေရပါတယ်။ အစိုးရ၊ တပ်မတော်၊ ပြည်သူအားလုံး ရေဘေးပြဿနာဖြေရှင်းတဲ့အထဲ ပါဝင် နေကြတာလည်း တွေ့ရပါတယ်။ 

တစ်ပြိုင်နက်တည်းမှာပဲ လာမယ့် နိုဝင်ဘာ ၈ ရက်မှာ လုပ်မယ့် ရွေးကောက်ပွဲကလည်း တဖြည်းဖြည်း နီးကပ်လာနေပါပြီ။ ရေဘေးကြောင့် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ဟာ အမတ်လောင်း အမည်စာရင်း တင်သွင်းမယ့်နေ့ကို လာမယ့် သြဂုတ်လ ၈ ရက်နေ့ သတ်မှတ်ထားရာကနေ နောက်ထပ် (၆) ရက်ထပ်တိုးပြီး သြဂုတ်လ ၁၄ ရက်နေ့ နောက်ဆုံးထား တင်သွင်းနိုင်တယ်ဆိုပြီး နောက်ဆုတ်ပေးလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမတ်လောင်းစာရင်း တင်သွင်းဖို့ အချိန်မလောက်မငှ ဖြစ်နေတဲ့ နိုင်ငံရေးပါတီတွေ အတွက်တော့ အဆင်ပြေသွားစေပါတယ်။ အလားတူ လွှတ်တော်ဘက်ကလည်း လာမယ့် သြဂုတ်လ ၁၀ ရက်နေ့ မှာ ပြန်ကျင်းပမယ်လို့ သတ်မှတ်ထားတဲ့ အစည်းအဝေးတွေကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ကြေ ညာပါတယ်။ 

ထူးခြားတာ တစ်ခုကတော့ နောက်တစ်ကြိမ် လွှတ်တော်ပြန်စမယ့်ရက်ကို ဘယ်နေ့ လဲဆိုတာ တိတိကျကျ ကြေညာထားခြင်း မရှိတာပါ။ အဓိပ္ပာယ်ကတော့ လွှတ်တော်အစည်းအဝေး တွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ် ဆိုပြီးတောင် ပြောနိုင်ပါတယ်။ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဘက်က ဘာကြောင့် အဲလို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းရတာပါ လဲ၊ ဒီလို လွှတ်တော်အစည်းအဝေးတွေကို ရွှေ့ဆိုင်းလိုက်ရုံနဲ့ ပြဿနာကြီးတွေကို ရှောင်လွဲှပြီးသား ဖြစ်သွားမလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ရေဘေးကြောင့် ကိုယ်စားလှယ်လောင်း စာရင်းတင်တဲ့ ကိစ္စ (၆) ရက်လောက် ရွှေ့ပေးလိုက်ရတယ် ဆိုတာ သဘာဝကျပါတယ်။ လိုအပ်ရင် အဲဒီရေဘေးသင့် ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ အခက်အခဲတွေရှိရင် အဲဒီဒေသတွေအတွက် ကွက်ပြီး ဆောင်ရွက်နိုင်ပါသေးတယ်။ လွှတ်တော် အစည်းအဝေးတွေကျတော့ အဲလိုမဟုတ်ပါဘူး။ လွှတ်တော်ရဲ့ အဓိက တာဝန်ဟာ ဥပဒေပြုရေး၊ အစိုးရကို ထိန်းကျောင်းရေး ဖြစ်တဲ့အတွက် ရေဘေးမှာ အမတ်တွေ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက်စရာ မလိုပါဘူး။ အချိန်ရရင် အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်သလို၊ လွှတ်တော်တွင်းကနေလည်း အစိုးရကို လမ်းညွှန်မှုပေး ဆောင်ရွက်လို့ ရပါ တယ်။ ဒါကြောင့် ရေဘေးကြောင့် နဂိုက ကြေညာထားတဲ့ လွှတ်တော် အစည်းအဝေးတွေ ကျင်းပ မယ့်ရက်ကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တာဟာ သိပ်သဘာဝ မကျဘူးလို့တော့ ကောက်ချက်ချနိုင်ပါတယ်။

လာမယ့် လွှတ်တော်အစည်းအဝေးတွေကျရင် နာယက သူရဦးရွှေမန်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှု နှစ်ရပ်ကို ရင်ဆိုင်ဖြေရှင်းရမယ် ဖြစ်ပါတယ်။ တစ်ချက်ကတော့ ဥပဒေ (၇) ခု ပြင်ဆင်ရာ မှာ တစ်ခုတည်းသာ ကျန်တော့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်ရေး ဖြစ်ပြီး နောက် တစ်ခုကတော့ လွှတ်တော် နှစ်ရပ်စလုံး ဆွေးနွေးပြီးနောက်မှာမှ အချိန်ထပ်ဆွဲထားသေးတဲ့ လွှတ်တော်အမတ်တွေကို တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ကိစ္စပဲ ဖြစ်ပါတယ်။ ပြည် ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း ဆိုတာကတော့ လာမယ့် ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ သူ့အစိုးရ တစ်ဖွဲ့လုံး ပြည်ခိုင်ဖြိုးပါတီကနေ ပ ထုတ်လိုက်မယ့် ဥပဒေဖြစ် သလို၊ အခြား ဘယ်ပါတီဆီကိုမှလည်း သွားမရ၊ ဘာပါတီမှလည်း ထောင်မရ ဖြစ်စေမယ့်၊ သမ္မတ အုပ်စုကို မျောက်သစ်ကိုင်းလွတ် ဖြစ်အောင်လုပ်ထားတဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ ဒီဥပဒေရဲ့ ဆက်စပ်ဥပဒေ တွေကို ပြီးခဲ့တဲ့ လွှတ်တော် အစည်းဝေးတွေတုန်းက ဆုံးဖြတ် အတည်ပြုပြီးခဲ့ကြပါပြီ။ 

အဲဒီ ပြင်ဆင် ချက် ဥပဒေကြမ်းတွေကို ပြည်သူ့လွှတ်တော်ဘက်က အတည်ပြု၊ အမျိုးသား လွှတ်တော်ဘက်က ကန့်ကွက်၊ နှစ်ဘက် သဘောထားကွဲလွဲလို့ ပြည်ထောင်စုလွှတ်တော်အတွင်း မဲခွဲရာမှာ သူရဦးရွှေမန်း နဲ့ ပြည်ခိုင်ဖြိုး အုပ်စုဘက်က ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ အဲဒီအချိန် မဲပေး မှု အခြေအနေအရ ပြည်ထောင်စု လွှတ်တော်အတွင်း မဲအရေအတွက် ၄၀ ကျော်ကွာခြားပြီး ရှုံးနိမ့် ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့သာ နဂိုကြေညာထားသလို သြဂုတ် ၁၀ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးပြန်စ၊ တစ်ရက်ရက်မှာ အဲဒီ ဥပဒေကြမ်း ဆွေးနွေး၊ မဲခွဲ အတည်ပြုရင် သူရဦးရွှေမန်း အုပ်စု ဘက်က ရှုံးနိမ့်မှာ သေချာနေသလောက်ပါပဲ။ ဒါကို စိုးရိမ်ပြီး လွှတ်တော် အစည်းအဝေးတွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတာလည်း ဖြစ်နိုင်ပါတယ်။

နောက်ပြဿနာ တစ်ခုကတော့ လွှတ်တော်နာယက သူရဦးရွှေမန်း၊ အမတ် ဦးသိန်းဇော်နဲ့ ထိပ်တန်း ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တချို့ကို သူတို့ရဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေကနေ အမတ်တာဝန်ပြန်လည် ရုပ်သိမ်းဖို့ ရွေးကောက်ပွဲ ကော်မရှင်ဆီ တင်ပြထားကြတဲ့ ကိစ္စပါ။ တကယ် လို့သာ အဲဒီ အမတ်တာဝန် ပြန်ရုပ်သိမ်းတဲ့ ဥပဒေသာ ပြဋ္ဌာန်းပြီးခဲ့ရင် ကော်မရှင်က ဒီကိစ္စ ဆက်ပြီး ဆောင်ရွက်နိုင်မှာပါ။ ဒါပေမယ့် အဲဒီ ဥပဒေကြမ်းဟာလည်း လွှတ်တော်တွင်း ဆွေးနွေး ပြီးသား၊ ပြည်ထောင်စုလွှတ်တော်အတွင်း မဲခွဲဆုံးဖြတ် အတည်ပြုဖို့ပဲ လိုတော့တဲ့အချိန် သူရဦးရွှေမန်းက လွှတ်တော်တွင်း နိုင်ငံရေးပါတီတွေနဲ့ ပြန်တိုင်ပင်ပါဦးဆိုပြီး အချိန်ဆွဲထားတဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ တကယ်လို့ လွှတ်တော်ပြန်စပြီး အဲဒီ ဥပဒေကြမ်းကို မဲခွဲ အတည်ပြု လိုက်တယ် ဆိုတာနဲ့ သမ္မတက နေ အလျင်အမြန် ဥပဒေအဖြစ် ထုတ်ပြန်လို့ ရပါတယ်။ တစ်ပြိုင်နက်တည်း ရွေးကောက်ပွဲ ကော်မ ရှင်ကလည်း နည်းဥပဒေ မြန်မြန်ပြဋ္ဌာန်းပေးလိုက်ရင် လွှတ်တော်ခေါင်းဆောင်တွေ ဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ သူ့အုပ်စု အဲဒီပြဿနာ အမှုအခင်းကို ကောင်းကောင်း ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒါတွေကြောင့် လွှတ်တော် အစည်းအဝေးတွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တာလား မပြောနိုင်ပါဘူး။ 

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ လွှတ်တော်ရဲ့ သက်တမ်းဟာ အတိုင်းအတာ တစ်ခုအထိ ကျန် ပါသေးတယ်။ ဒီကာလတွေအတွင်း သူရဦးရွှေမန်းအနေနဲ့ အထက်က တင်ပြခဲ့တဲ့ ပြဿနာတွေ ကို မလွဲမသွေ ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ဖြေရှင်းမလား၊ ရွေးကောက်ပွဲ အပြီးမှပဲ ဖြေရှင်းတော့မလားဆိုတာကတော့ သူကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့ကိစ္စသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly