ဘူးသီးတောင်တွင် လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ပစ်ခတ်မှု ဖြစ်ပွား

ဘူးသီးတောင်တွင် လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ပစ်ခတ်မှု ဖြစ်ပွား
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

ဇူလိုင် ၉ ။           ။ ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဇူလိုင်လ ၉ ရက်၊ ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာသို့ရောက်ရှိစဉ် ယင်းရွာရှိ နေအိမ်တစ်အိမ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ရှင်းလင်းရာတွင် အလောင်း၂လောင်း၊ အရှင်ဖမ်းဆီးရမိသူ ၁ ဦးနှင့် နှောက်ယှက်ဟန့်တားသူ ၁ ဦးဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၉ ရက်၊ နံနက် ၁၁ နာရီခန့်က တင်းမေကျေးရွာရှိ ဖွေယော့အစ္စ္စလမ်၏ နေအိမ်အတွင်းမှ လက်နက်ငယ်ဖြင့်အတွဲလိုက် အချက် ၂၀ ခန့်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကပူးပေါင်းပိတ်ဆို့၍ လက်နက်ငယ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ရာ နေအိမ်အတွင်းရှိအကြမ်းဖက်သမားများက မိုင်း ၁ လုံးဖောက်ခွဲ၍ ထပ်မံတိုက်ခိုက်ခဲ့သည်။

ထို့နောက် နေအိမ်အတွင်းမှ ထွက်လာသည့် လက်နက်ကိုင်အကြမ်းဖက်သမား ၃ ဦးအား ဖမ်းဆီးပစ်ခတ်ခဲ့ရသည်ဟု ထုတ်ပြန်သည်။

ယင်းဖြစ်စဉ်တွင် လက်နက်ကိုင် အကြမ်းဖက်သမားအလောင်း၂ လောင်း၊ အရှင်မိ အကြမ်းဖက်သမား ဖွေယော့အစ္စ္စလာမ် တို့အား ရရှိခဲ့သည်။၎င်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား နှောက်ယှက် ဟန့်တားသူ ဇာဘဲရ် ၇၀နှစ် (ဘ)ဆော်လီအာမက် အား ဖမ်းဆီးရမိခဲ့သည်။

ယင်းနောက် ပေါက်ကွဲသည့် နေအိမ်အား ဆက်လက်ရှင်းလင်းရာ မီးလောင်ကျွမ်းထားသော ဘီအေ ၉၄ ၁ လက်၊ကျည်အိမ် ၂ ခု၊ ဘီအေ ၉၄ ကျည်ခွံ ၆တောင့်၊လုပ်သေနတ် ၁ လက်၊အသက်သွင်းထားသည့် ရီမု မိုင်း ၁ လုံး၊ လက်လုပ်မိုင်းပြုလုပ်ရန်ပြင်ဆင်ထားသည့် အချင်း ၄ လက်မ၊အလျား ၈ လက်မတစ်ဖက်ပိတ် ကားပစ်စတင်(Piston) ၁ ခု၊ အချင်း ၅လက်မ၊အလျား ၈ လက်မရှိ တစ်ဖက်ပိတ် ကားပစ်စတင် ၁ ခု၊ဒီတိုနေတာ(Detonator) ၈ ခု၊သေဆုံးသူ၏ခါးမှ ခါးပတ်ပိုက်ဆံအိတ်အတွင်းမှ ဘင်္ဂလားတာကာငွေ ၁၀၀၀ တန် ၁ ရွက်၊၁၀ တန် ၅ ရွက်၊ ၂၀ တန် ၇ ရွက်၊Symphonyဖုန်း ၁ လုံး၊မီးလောင်ကျွမ်းထားသည့် စကားပြောစက် ၄ လုံး၊အားသွင်းခုံ၊ကြိုး၊ဘက်ထရီ သုံးမရ ၃ ခု၊ဓာတ်ခဲခြောက် ၄ ခု၊ဓားရှည် ၆ ချောင်း၊မောင်းချဓား ၄ ချောင်း၊ဓားမ ၁ လက်၊တို့ အား သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိရာတွင် တွေ့ရှိရသည့် ဘီအေ ၉၄ သေနတ်၁ လက် သည် ၂၀၁၆ ခုနှစ် အောက်တိုဘာ လ ၉ ရက်က ကျီးကန်းပြင်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါသွားသည့် လက်နက်ဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်နှင့်နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တင်းမေကျေးရွာနှင့်ပတ်ဝန်းကျင်တစ်လျောက် နယ်မြေဆက်လက်ရှင်းလင်းလျက်ရှိကြောင်း၊ ဖမ်းဆီးရမိသူများအား စစ်မေးမှုများ ဆက်လက်ပြုလုပ်လျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly