YBS ၅၅ နေရာ၌ ယာဉ်လိုင်းနံပါတ် ၉၀ ဖြင့် အစားထိုးမည်

YBS ၅၅ နေရာ၌ ယာဉ်လိုင်းနံပါတ် ၉၀ ဖြင့် အစားထိုးမည်
ဓာတ်ပုံ-Yangon Bus Service
 

ရန်ကုန်၊ဇူလိုင်၇ ။           ။ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် YBS ၅၅ နေရာတွင် ယာဉ်လိုင်းနံပါတ် ၉၀ အား အစားထိုး ပြေးဆွဲစေမည် ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့(YRTA)မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

အစားထိုး ယာဉ်လိုင်းနံပါတ် ၉၀အား တိုက်ကြီးသားအများပိုင်ကုမ္ပဏီပိုင်သို့ ချထားပေးခဲ့ခြင်း ဖြစ်ပြီး YBS ၅၅ မှာ ၎င်းကုမ္ပဏီမှပင် ဖြစ်သည်။

ယာဉ်လိုင်းနံပါတ် ၉၀ အစားထိုးခြင်းမှာ ခရီးသည်များအဆင်ပြေစေရန်အတွက် ဖြစ်ပြီး တိုက်ကြီးမှ ထောက်ကြန့် အထိသာ ပြေးဆွဲခွင့်ပြုကြောင်း သိရကာ ယခင်က ဥက္ကံနှင့်မော်တင် ပြေးဆွဲခွင့်ပြုထားသည်။

"အဲဒီဘက်မှာရှိတဲ့ ခရီးသည်ကို သယ်ဖို့ဆိုပြီးတော့ တိုက်ကြီးသားနဲ့ အများပိုင်ကုမ္ပဏီရဲ့ကားပဲ။ အဲဒီကားတောင်ဘယ်အထိပဲ ခွင့်ပြုလဲဆိုရင် ထောက်ကြန့်အထိပဲ ခွင့်ပြုတယ်။ အဲဒီဟာကို ၅၅ အကပ်မခံဘူး။ သူတို့ကို ၉၀ ပေးထားတယ် လိုင်းနံပါတ်"ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

ယာဉ်မောင်းအပါအဝင် လူ ၁၀ ဦးသေဆုံးခဲ့သော ယာဉ် ၂ စီးတိုက်မှုတွင် တိုက်ကြီးသားအများပိုင်ကုမ္ပဏီမှ ယာဉ်လိုင်း(၅၅) က ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ ယာဉ်လိုင်း(၃၇)ကို ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၄ ခုဖြင့် စွဲဆိုထားသော ယာဉ်တိုက်မှုတွင် အဓိကတာဝန်ရှိသူ ယာဉ်မောင်း သေဆုံးသွားပြီးနောက် ကိုယ်ရကိုယ်ယူစနစ်ဖြင့် YBS တွင် ဝင်ရောက်ပြေးဆွဲခြင်းအပါအဝင် ယင်း ၅၅ ယာဉ်လိုင်းကို YRTA မှ ဖျက်သိမ်းခဲ့သည်။

"အရေးယူရအောင် ယာဉ်မောင်းက သေသွားပြီ ။ ဘယ်သူ့ကိုအရေးယူရမှာလဲ။ အဲဒီယာဉ်လိုင်းရော တစ်လိုင်းလုံး ဖျက်သိမ်းလိုက်ပြီလေ။ အဲဒီကိုယ်ရကိုယ်ယူဆိုတဲ့ဟာလုံးဝခွင့်မပြုတော့ဘူး"ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရရှိသူ ခရီးသည်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ YRTA တို့မှ လျော်ကြေးငွေပေးဆောင်ရန် အမြန်ဆုံးစီစဉ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags