YBS ယာဉ် ၂ စီး ယာဉ်တိုက်မှုမှ သေဆုံးသူများအား လျော်ကြေးငွေပေးရန် အစီအစဉ်ရှိ

YBS ယာဉ် ၂ စီး ယာဉ်တိုက်မှုမှ သေဆုံးသူများအား လျော်ကြေးငွေပေးရန် အစီအစဉ်ရှိ
ဓာတ်ပုံ-ကိုထင်လင်းအောင်

ရန်ကုန်၊ဇူလိုင်၇ ။           ။ YBS ၅၅ နှင့် YBS ၃၇ တိုက်မိမှုတွင် ယာဉ်မောင်းအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့သည့်အပေါ် လျော်ကြေးငွေ ပေးသွားရန် အစီစဉ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့(YRTA)မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင် သေဆုံးသူများအတွက် လျော်ကြေးငွေ ပေးအပ်ရန် စီစဉ်နေဆဲဖြစ်ကြောင်း သိရပြီး YRTA ငွေ၊ ယာဉ်အာမခံနှင့် လှူဒါန်းငွေများမှ ဖြစ်ကြောင်း သိရသည်။

" စီစဉ်တုန်းပဲ ရှိသေးတယ်။ အာမခံရှိတဲ့လိုင်းတွေက ဘယ်လောက်လျော်မယ်ဆိုတာမျိုး ပြောမယ်လေ။ အခုက အတိကျမထွက်သေးဘူးနော် ။ ၃၇ မှာပါတဲ့သူတွေက အာမခံ ရှိတယ်။ နောက် YRTA (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့)က စီစဉ်ထားတာရှိတယ်၊ နောက်တစ်ချို့လူတွေလည်းရှိတော့ အဲဒီဟာတွေက တစ်ဦးကို ဘယ်လောက်ဆိုတာမျိုး ကြေညာမယ်၊ အခုလောလောဆယ်တော့ ကြေညာဖို့ အစီစဉ် မရှိသေးဘူး"ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူးဒေါက်တာမောင်အောင်က ပြောသည်။

ဥက္ကံနှင့်မော်တင်ပြေးဆွဲပေးနေသည့် တိုက်ကြီးသားအများပိုင်ယာဉ်လိုင်းမှ YBS ၅၅က ဆူးလေ-ထောက်ကြန့် ပြေးဆွဲပေးနေသည့် YBPCကုမ္ပဏီပိုင် YBS ၃၇ ကို ဇူလိုင်လ ၇ ရက် နေ့လည် ၁နာရီ မိနစ် ၄၀ အချိန်တွင် ရန်ကုန်-ပြည်လမ်းမကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် မွေးမြူရေးမှတ်တိုင်အနီး ပျဉ်းမပင်ကျေးရွာအုပ်စု ရွှေညောင်ပင်ဘိုးဘိုးကြီးနတ်နန်းဟောင်းရှေ့၌ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

YBS ၃၇ ယာဉ်လိုင်းသည် အာမခံ ထားရှိထားပြီး YBS ၅၅ မှာမူ အာမခံ ထားရှိထားခြင်း မရှိပေ။

၅၅ ယာဉ်လိုင်းမှ ယာဉ်မောင်းအား အင်းစိန်မြို့မရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၃ဝ၄(က)/ ၃၃၈/ ၃၃၇/ ၂၇၉ စသည့် ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ခဲ့ပြီး အဆိုပါယာဉ်မောင်းမှာ ယမန်နေ့ (ဇူလိုင်လ ၈ ရက်) ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။ ထို့နောက်  အဆိုပါအမှုအား ပိတ်သိမ်းခဲ့ပြီး ၎င်းယာဉ်လိုင်း ၅၅ အား ဖျက်သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly