လူငယ်ဂိုးသမား ပါရီရာကို မန်ယူအသင်း လေးနှစ်စာချုပ်သစ်ချုပ်ဆို

လူငယ်ဂိုးသမား ပါရီရာကို မန်ယူအသင်း လေးနှစ်စာချုပ်သစ်ချုပ်ဆို

ဇူလိုင် ၉၊ အင်္ဂလန် ။            ။ မန်ယူအသင်းသည် အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်ဂိုးသမား ဂျိုးပါရီရာကို ၂၀၂၁ ခုနှစ်အထိ လေးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

ပေါ်တူဂီလူငယ်ဂိုးသမား ပါရီရာသည် ပြီးခဲ့သည့်ရာသီက ဝီဂန်အသင်းနှင့် အက်ဖ်အေဖလားပွဲစဉ်တွင် မန်ယူအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့သူ ဖြစ်ပြီး မေလက ကစားခဲ့သည့် ပဲလေ့စ်နှင့်ပွဲတွင် ပထမဆုံးပရီးမီးယားလိဂ် ပွဲထွက်ခွင့်ရခဲ့သူ ဖြစ်သည်။

'ကျွန်တော်မန်ယူကိုရောက်နေတာ နှစ်အနည်းငယ်ရှိပါပြီ။ ဒီအသင်းကိုရောက်ကတည်းက အချိန်တိုင်း ပျော်ရွှင်ကျေနပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တိုးတက်လာတယ်လို့ ခံစားရပါတယ်။ ဒါကပဲ မန်ယူကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်ဆက်လက်ရပ်တည်သွားဖို့ တွန်းအားဖြစ်ပါတယ်။

မန်ယူအသင်းမှာက အမှတ်ရစရာတွေအများကြီးပါ။ မန်ယူအသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့တာက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက်တော့ မယုံကြည်နိုင်စရာပါပဲ' ဟု ပါရီရာက ပြောဆိုခဲ့သည်။

မန်ယူနည်းပြမော်ရင်ဟိုကလည်း ပါရီရာသည် ပြီးခဲ့သည့်ရာသီက အလွန်တိုးတက်လာကြောင်း ဝန်ခံခဲ့ပြီး ယခုပုံစံအတိုင်း ဆက်လက်တိုးတက်နေပါက သူ၏ မျိုးဆက်တွင် အကောင်းဆုံးဂိုးသမား တစ်ဦးဖြစ်လာလိမ့်မည်ဟု ချီးကျူးခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly