နိင်​ငံ​ရေးအကျဉ်​းသား​ဟောင်​းများကို မီဒီယာနှင်​့ အရပ်​ဖက်​အဖွဲ့အစည်​းများတွင်​ ၆လတာ အ​တွေ့အကြံုယူ​စေမည်​

နိင်​ငံ​ရေးအကျဉ်​းသား​ဟောင်​းများကို မီဒီယာနှင်​့ အရပ်​ဖက်​အဖွဲ့အစည်​းများတွင်​ ၆လတာ အ​တွေ့အကြံုယူ​စေမည်​

ရန်ကုန်၊ဇူလိုင်၉ ။                ။ နိုင်ငံရေးအကျဉ်းသားဟောင်းများကို Fellowship (ဂုဏ်ထူးဆောင်အဖွဲ့ဝင်)အဖြစ် သတင်းမီဒီယာနှင့် အရပ်ဖက်လူအဖွဲ့အစည်းများ၌ ၆လတာ လုပ်ကိုင်စေမည့် အစီအစဉ်တစ်ခုကို FHI360 နှင့် USAID တို့မှ ပူးပေါင်းဆောင်ရွက်ပြီး အစီအစဉ် စတင်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၉ ရက်နေ့၊ ဆီဒိုးနားဟိုတယ်တွင် အဆိုပါ အစီအစဉ်အကြောင်း ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများကို မီဒီယာနှင့် အရပ်ဖက်အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်စေမည်ဖြစ်ပြီး သတင်းမီဒီယာတွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် အတွေ့အကြုံများ ရလာမည်ဟု FHI360မှ ဦးအောင်ဒင်က ပြောသည်။

"သူတို့ မသိတာတွေကို ဒီအရပ်ဖက်အဖွဲ့အစည်းနဲ့ သတင်းမီဒီယာတွေမှာဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် အတွေ့အကြုံတွေ အများကြီးရလာမယ်။ သူတို့မှာသူတို့ရဲ့ နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ အများကြီး ရှိတယ်။ အဲဒါတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီကို ပြန်လည်မျှဝေနိုင်မယ်။ နှစ်ဦးနှစ်ဖက် အပြန်လှန်မျှဝေခြင်းဖြင့် ဒီ ၆ လသင်တန်းပြီတဲ့အချိန်မှာ အတွေ့အကြုံတွေ အများကြီးရှိပြီးတော့ အရင်လိုပေါ့ဗျာ။ ဘေးရောက်နေတယ်လို့မခံစားရတော့ဘဲ သူတို့ကိုယ်တိုင် နိုင်ငံရေးစည်းဝိုင်းထဲ ပြန်ရောက်လာလိမ့်မယ်။ ဒီမိုကရေစီအပြောင်းအလဲကာလအတွက် ပိုပြီးတော့ အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်"ဟု FHI 360 မှ စည်းရုံးလှုံ့ဆော်ရေးဆိုင်ရာညွှန်ကြားရေးမှူး ဦးအောင်ဒင်က ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများအား မလေးစားသည့်သဘောဆောင်မည်ဖြစ်သဖြင့် Fellow(ဂုဏ်ထူးဆောင်အဖွဲ့ဝင်)အဖြစ်သတ်မှတ်သုံးနှုန်းရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ၊ အဆိုပါအစီစဉ်ကို အကြံပြုသူ FHI360မှ ဦးအောင်ဒင်က ပြောသည်။

၂၀၁၆လခုနှစ်၊ ဒီဇင်ဘာလတွင် အဆိုပါအစီစဉ်အတွက် အကြံပြုခဲ့ပြီး ၂၀၁၇ မတ်လမှ ဧပြီလ၁၂ရက်နေ့အထိ Fellowship(အဖွဲ့ဝင်)အတွက် လျှောက်ထားနိုင်ကြောင်းကြေညာခဲ့သည်။

ယင်းအစီအစဉ်တွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၁၆၂ယောက်လျှောက်ထားခဲ့ပြီး ၎င်းတို့ထဲမှ နိုင်ငံရေးအကျဉ်းသားဟောင်း(၅၀)ဦးအား ရွေးချယ်ရေးကော်မတီမှ စီစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အယောက်(၅၀)တွင် အမျိုးသား၄၁ဦးနှင့် အမျိုးသမီး(၉)ဦးတို့ပါဝင်မည်ဖြစ်သည်။

သတင်းဌာနဖြစ်သည့်အတွက် သတင်းစာဆရာ၏ သတင်းထုတ်လုပ်မှု၊ သတင်းလိုက်မှု၊ သတင်းရေးမှုနေရာတွင် လာရောက်သည့် နိုင်ငံရေးအကျဉ်းသားကို ထားရှိသွားမည်ဟု မော်ကွန်းမဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးဇေယျာလှိုင်က ပြောသည်။

"ကျွန်တော်က ဒီမှာကြိုပြောထားတာရှိတယ် ကျွန်တော်တို့ကသတင်းစာအဖွဲ့အစည်းဖြစ်တယ်။ နောက်တစ်ချက်က ပရော်ဖက်ရှင်နယ်ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ မည်သည့်ပရော်ဖက်ရှင်နယ်မဆို လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ အဲဒီကျင့်ဝတ်စည်းကမ်းနဲ့မညီဘူးဆိုရင်တော့ သတင်းစာဆရာလို့သတ်မှတ်ရခက်တယ်။ အဲ့လိုသတ်မှတ်ရခက်နေတယ်ဆိုရင် သတင်းစာ ဆရာအဖြစ် အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်လို့ရမှာမဟုတ်ဘူး ဆိုတော့ ဒီစည်းမျဉ်းစည်းကမ်းတွေကိုတော့ လိုက်နာဖို့လိုပါတယ်"ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦးကို လက်ခံပေးမည့် မော်ကွန်း မဂ္ဂဇင်းမှ အယ်ဒီတာချုပ်ဦးဇေယျာလှိုင်က ပြောသည်။

အဆိုပါ ၆လ ကာလပြီးသည့်နောက်ပိုင်းတွင် ၎င်း နိုင်ငံရေးအကျဉ်းသားဟောင်း Fellow(အဖွဲ့ဝင်)ကို ဆက်လက်ခန့်ထားရန် အရည်အချင်းနှင့် သတင်းဌာန၏ ဘတ်ဂျက်အခြေအနေအရ လုပ်ဆောင်သွားမည်ဟု သူကဆက်ပြောသည်။

နိုင်ငံရေးအကျဉ်းသားများအနေဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံရပြီး ပညာသင်ယူရန် အချိန်နှောင်းခဲ့ရကြောင်း၊ အလုပ်လုပ်ရာတွင်လည်း နိုင်ငံရေးအကျဉ်းသားဖြစ်သည့်အတွက် ငြင်းပယ်ခံရခြင်းမျိုးတို့ကြောင့် စီးပွားရေး၊ ပညာရေး အဖက်ဖက်မှ အဆင်မပြေကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြောပြသည်။

"အကျိုး ၃ ခု သူတို့ရမယ် ။ အဲဒါ ဘာလဲဆိုတော့ လူ့အဖွဲ့အစည်းထဲကိုပြန်ရောက်လာမယ် ရောက်လာပြီးလူ့အဖွဲ့အစည်းနဲ့ ပြန်ရှင်သန်ခွင့်ရမယ် အဲ့တာကအချက်တစ်ချက်ပေါ့။ နောက်ဒုတိယအချက်က Intern(အလုပ်သင်)အလုပ်တွေလုပ်ရမယ်၊ မီဒီယာဆိုလည်း မီဒီယာအလိုက်တွေ လုပ်ရမယ်၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေမှာလဲ သူတို့ရဲ့ Activities(လုပ်ငန်းဆောင်တာ)တွေမှာ ပါဝင်ခွင့် ရတဲ့အတွက် အဲဒီမှာပညာတစ်ခု သူရမယ်၊ နံပါတ်သုံးအချက်ကတော့ ဂုဏ်ထူးဆောင်အဖွဲ့ဝင်တွေအတွက် ဂုဏ်ပြုငွေပေါ့ သုံးသိန်းကလည်း သိပ်မများသလို မနည်းတဲ့ငွေပေါ့ ။ အဲ့ဒါကလည်း လစဉ် ရသွားမှာဖြစ်တဲ့အတွက် တနည်းအားဖြင့် စားဝတ်နေရေးအထောက်အကူဖြစ်သွားမယ်"ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ဆိုသည်။

ယင်း အစီအစဉ်၌ FHI 360 မှ ငွေကြေးထာက်ပံ့ပေးထားသည့် မီဒီယာ(၁၀)ခုနှင့် အရပ်ဖက်လူ့အအဖွဲ့အစည်း(၁၇)ခုတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း FHI360မှ ယာယီအကြီးအကဲ မစ်ချုးဖွာက ပြောသည်။

အဆိုပါအစီစဉ်တွင် လက်ခံပေးမည့် မီဒီယာများအနေဖြင့် ရန်ကုန်အခြေစိုက် ဒီဗီဘီ၊ မဇ္ဈိမ၊ မြစ်မခ၊  မော်ကွန်းမဂ္ဂဇင်း၊ မော်လမြိုင်အခြေစိုက် သံလွင်တိုင်းမ်၊ ကယားပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်း မ် နှင့် မော်လမြိုင်အခြေစိုက် အေဂျင်စီများ စုစုပေါင်းမီဒီယာ(၁၀)ခု ပါဝင်မည်ဖြစ်သည်။

အရပ်ဖက်လူ့အဖွဲ့အစည်းအနေဖြင့် ရန်ကုန် Triangle Women Support၊ မြန်မာလယ်သမားသမဂ္ဂ၊ Thanlwin Citizen Empowerment၊ ၈၈ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်း သားများထောက်ပံ့ကူညီရေးအဖွဲ့(AAPP)တို့အပါဝင် အရပ်ဖက်လူ့အဖွဲ့အစည်း (၁၇)ခု ပါဝင်မည်ဖြစ်သည်။

မဇ္ဈိမ မီဒီယာသည် နိုင်ငံရေးအကျဉ်းသားဟောင်း ငါးဦး အား  Fellow အဖြစ်လက်ခံပြီး ထိုအထဲတွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် ကျခံခဲ့ရသည့် ဦးသန်းဇော် လည်း  Fellow တစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly