မိုဆူးလ်မြို့တိုက်ပွဲ အောင်ပွဲကို မကြာခင်ကြေညာတော့မည်ဟု အမေရိကန်ဗိုလ်ချုပ်ကြီးပြောကြား

မိုဆူးလ်မြို့တိုက်ပွဲ အောင်ပွဲကို မကြာခင်ကြေညာတော့မည်ဟု အမေရိကန်ဗိုလ်ချုပ်ကြီးပြောကြား

ဇူလိုင် ၉ ။              ။ အီရတ်အာဏာပိုင်များသည် မိုဆူးလ်မြို့အား အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့လက်ထဲမှ အလုံးစုံပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ဆုံးတိုက်ပွဲကို အောင်နိုင်ခဲ့ပြီဖြစ်ကြောင်း မကြာခင်တွင် ကြေညာတော့မည်ဟု အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦးက စနေနေ့က ပြောခဲ့သည်။

“တိုက်ပွဲအောင်ပွဲသတင်းကို မကြာခင်မှာပဲ ကြေညာပါတော့မယ်” ဟု ကြည်းတပ်ဗိုလ်မှူးချုပ် ရောဘတ် ဆော့ဖ်ဂျီက အေအက်ဖ်ပီ၏ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဘဂ္ဂဒတ်မြို့မှ ဖြေကြားခဲ့သည်။

“ကြေညာချက်ကို ဒီနေ့ထုတ်ပြန်မလား မနက်ဖြန်ထုတ်ပြန်မလားဆိုတာကို ကျနော်မပြောနိုင်သေးပါဘူး။ ဒါပေ မယ့် သိပ်မကြာခင်မှာ ကြေညာတော့မယ်လို့တော့ ပြောနိုင်ပါတယ်” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

မိုဆူးလ်မြို့အတွင်းမှ ဂျီဟတ်ဝါဒီအကြွင်းအကျန်များသည် တိုက်ဂရစ်မြစ်ဘေးရှိ မြို့ဟောင်းအတွင်းမှ ရပ်ကွက် ၂ရပ်ကွက်စာ အကွာလောက်တွင်ရှိသော နေရာခပ်ကျဉ်းကျဉ်းလေးထဲတွင် အသေခံတိုက်ခိုက်နေကြကြောင်း ဆော့ဖ်ဂျီက ပြောခဲ့ပြီး ထိုသူတို့သည် ကြံမိကြံရာဖြင့် စွတ်တိုက်နေခြင်းဖြစ်ကြောင်း ဆက်ပြောခဲ့သည်။

IS အဖွဲ့ဝင်အချို့သည် သူတို့၏ မုတ်ဆိတ်မွှေးများကိုရိတ်ပြီး အဝတ်အစားများကိုလဲဝတ်ကာ မြို့တွင်းမှ ထွက်ပြေးနေကြသော အရပ်သားများထဲတွင် ရောနှောလိုက်ပါသွားခဲ့ကြသလို အချို့သည် ဖောက်ခွဲရေးပစ္စည်း များတပ်ဆင်ထားသော အင်္ကျၤီများကိုဝတ်ဆင်ပြီး အသေခံဖောက်ခွဲနေကြကြောင်း သိရသည်။

IS အဖွဲ့ဝင် အမျိုးသမီးတိုက်ရေးသမား အချို့သည် ထွက်ပြေးဆုတ်ခွာနေသော အရပ်သားများကြားထဲတွင် သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်ခဲ့ကြကြောင်းလည်း သိရသည်။

“ဒီနောက်ဆုံးတိုက်ပွဲအတွင်းမှာ သူတို့ဟာ ဖျက်ဆီးနိုင်သလောက်ကို ဖျက်ဆီးနေကြတာပါ” ဟု ဆော့ဖ်ဂျီက ပြောခဲ့သည်။

မိုဆူးလ်မြို့တွင်းရှိ တိုက်ပွဲများသည် လွန်ခဲ့သော ၂၀၁၆ အောက်တိုဘာလ ၁၆ရက်နေ့ကတည်းက စတင်ခဲ့ပြီး အမေရိကန်တို့ ထောက်ပံ့ပေးထားသော အီရတ်လုံခြုံရေးတပ်ဖွဲ့များသည် မြို့၏ ဗဟိုအချက်အချာအတွင်းသို့ တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်လာနိုင်ကတည်းက တိုက်ပွဲများပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly