ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ၁၅ ရက်အတွင်း တရားဝင် မှတ်ပုံတင်ခွင့် ပြန်ရရှိ

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ၁၅ ရက်အတွင်း တရားဝင် မှတ်ပုံတင်ခွင့် ပြန်ရရှိ
နေရပ်ပြန်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမားကို တွေ့ရစဉ်။ ဓာတ်ပုံ - စိုးသူရ

ဇူလိုင်လ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။          ။ ထိုင်းအစိုးရ၏ နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေသစ်ကြောင့် မြန်မာအလုပ်သမားများ သောင်းနှင့်ချီ နေရပ်ပြန်ခဲ့ပြီးနောက် ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၇ ရက်အတွင်း အလုပ်ရှင်နှင့် အလုပ်သမားများ တရားဝင် မှတ်ပုံတင်ခွင့် ရရှိပြီ ဖြစ်ကြောင်း ရွေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောသည်။

ထိုင်းအလုပ်ရှင်များ၏ လုပ်သား ရှားပါးမှုများရှိလာသဖြင့် ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနမှ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ နယ်မြေအလုပ်သမားရုံးများသို့ ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၇ ရက်အတွင်း အလုပ်ရှင်နှင့် အလုပ်သမားများ တရားဝင် မှတ်ပုံတင်ခွင့် ရရှိပြီ ဖြစ်သည်။

“၁၅ ရက်ဆိုတာက အကြောင်းကြားရမဲ့ကာလကို ပြောတာ။ ဥပဒေ ချိုးဖောက်နေတဲ့အလုပ်သမားတွေ ကျွန်တော်၊ ကျွန်မတို့ မှားခဲ့ပါတယ်ဆိုပြီး သွားအကြောင်းကြားရမဲ့ ကာလက ဇူလိုင်လ ၂၄ ရက်ကနေ သြဂုတ်လ ၇ ရက်ထိ သတင်းပို့ခိုင်းတဲ့ကာလ။ အဲဒါပြီးမှ အဲဒီသတင်းပို့ထားတဲ့ လုပ်သားနဲ့ အလုပ်ရှင်တွေကို ခုန ကျွန်တော်ပြောတဲ့ လမ်းကြောင်းနှစ်ကြောင်းနဲ့ ဆက်လုပ်တာက ရက်ပေါင်း ၁၈၀ အတွင်း အပြီး လုပ်သွားရမယ်”ဟု ရွေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က မဇ္ဈိမကို ပြောသည်။

ထိုင်းအစိုးရ၏ ဥပဒေသစ်ကို ရက်ပေါင်း ၁၈၀ ဆိုင်းငံ့လိုက်ပြီး ၁၅ ရက်အတွင်း မြန်မာအလုပ်သမားများ တရားဝင် မှတ်ပုံတင်ရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

“အဲဒီလို အကြောင်းကြောင်းကြောင့် တရားဝင် စာရွက်စာတမ်းမရှိတာတို့၊ မှားယွင်းနေတာတို့ အဲဒီပုဂ္ဂိုလ်တွေကို ထိုင်းအစိုးရကနေပြီး ၁၅ ရက်အတွင်းမှာ အလုပ်ရှင်နဲ့ အလုပ်သမား ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ခံရုံးတွေမှာ သတင်းပို့ရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တယ်။ တရားပို့ပြီးရင် အဲဒီ တရားမဝင်တဲ့ အလုပ်သမားတွေကို တရားဝင် အလုပ်သမားဖြစ်အောင် လုပ်ပေးမယ်”ဟု သူ ဆက်ပြောသည်။

ထိုသို့တရားမဝင် အလုပ်သမားများ တရားဝင် အလုပ်သမားဖြစ်ရန် တရားမဝင် အလုပ်သမားသည် သက်ဆိုင်ရာ အလုပ်အကိုင်ရှာဖွေရေးရုံးမှ ထောက်ခံစာယူသွားကာ မြန်မာပြည်မှ နိုင်ငံကူးလက်မှတ် ပြုလုပ်၍ ပြန်ဝင်လာရန်၊ အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံ မပြန်နိုင်သည့် အလုပ်သမားများလည်း ထိုင်းအလုပ်ရှင်နှင့် အတူ ထိုင်းအလုပ်သမားရုံးသို့ တရားဝင်အကြောင်းကြားခြင်းဖြင့် လမ်းကြောင်းနှစ်ကြောင်းဖြင့် ပြုလုပ်သွားရမည် ဖြစ်သည်။

ထိုတရားဝင် အလုပ်သမားများအနေဖြင့် CI ခေါ် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားပြ စာအုပ် ဆက်လက် ပြုလုပ်သွားရမည် ဖြစ်ကြောင်း သူက ပြောသည်။

ထိုင်းအစိုးရနှင့် ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူများ၏ ခန့်မှန်းပြောဆိုမှုအရ ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ သန်းခန့်ရှိပြီး ထိုအထဲတွင် အထောက်အထား မဲ့သူများ၊ တရားဝင်လက်မှတ် လုပ်ထားသော်လည်း ဗီဇာကုန်သွားသူများ၊ အလုပ်လုပ်ခွင့် သက်တမ်းကုန်သူများ၊ သူဌေးပြောင်းခြင်း မလုပ်ခြင်း၊ အလုပ်လုပ်သည့် နေရာမှားယွင်းနေသူများ ဖြစ်သည်ဟု ဦးအောင်ကျော်က ပြောသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမား ၁ သန်းခန့်က မိမိနိုင်ငံသို့ ပြန်သွားပါက ထိုင်းနိုင်ငံ၏ စီးပွားရေးအရ ကယက်ရိုက်ခတ်မှုများ ရှိနိုင်သလို၊ လုပ်သားရှားပါးမှုများ ဖြစ်လာနိုင်သည်ဟု ထိုင်းအစိုးရနှင့် မြန်မာအစိုးရသို့ ဆွေးနွေးသုံးသပ်မှုများကြောင့် အောင်မြင်မှု ရရှိသွားမှုခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ဇွန်လ ၂၉ ၊ ၃၀၊ ဇူလိုင် ၁ ရက်နေ့များတွင် နေပြည်တော်တွင် မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အကြား အလုပ်သမားအရေး ဆွေးနွေးခြင်း၊ ဇူလိုင် ၅ ရက်နေ့တွင် ထိုင်းနိုင်ငံတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနဆိုင်ရာ အစိုးရ ကိုယ်စားလှယ်များ၊ ထိုင်းလုပ်ငန်းရှင်များ၊ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့သည့် ရလဒ်အဖြစ် ယခုကဲ့သို့ ရက်ပေါင်း ၁၈၀ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ဒီဥပဒေက အလုပ်သမားရော၊ အလုပ်ရှင်အတွက်ရော အင်မတန်မှာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ ဥပဒေဖြစ်နေတယ်။ အဲဒီဥပဒေက လုပ်ငန်းရှင်တွေ ကိုယ်တိုင်က ပိုကြောက်နေတော့ အလုပ်သမားတွေကို ထုတ်ပစ်တာ။ သက်ဆိုင်ရာနိုင်ငံကို ပြန်သွားတော့ အခြေအနေက ရှုပ်ထွေးတဲ့အခြေအနေမှာ ဖြစ်သွားတာ။ အဲဒီအချိန်မှာ နှစ်နိုင်ငံဆွေးနွေးတာက တပိုင်း၊ ထိုင်းနိုင်ငံမှာ အလုပ်ရှင်နဲ့ ကျနော်တို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေ၊ အစိုးရ ကိုယ်စားလှယ်တွေ အပြန်အလှန် ဆွေးနွေးပွဲ ရလဒ်အရ အလုပ်ရှင်တွေ ဝိုင်းဝန်းတောင်းဆိုတဲ့အတွက်ကြောင့် ပြစ်ဒဏ်ကို ရက်ပေါင်း ၁၈၀ ဆိုင်းငံ့လိုက်တယ်”ဟု ဦးအောင်ကျော်က ဆက်ပြောသည်။

ထို့ပြင် ဇူလိုင်လ ၆ ရက်နေ့က ထိုင်းအမျိုးသားလွှတ်တော် ညီလာခံတွင် တရားမဝင် ရွှေ့ပြောင်း အလုပ်သမားပြဿနာ ဖြေရှင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အထောက်အထားမရှိသည့် အလုပ်သမာမးျားအတွက် အလုပ်သမားကတ်ရှိသော်လည်း အလုပ်ရှင်အမည် ကွဲလွဲနေမှုကို ချက်ချင်းပြင်ဆင်ဆောင်ရွက်ပေးရန်၊ ယာယီပတ်ပို့စ်ရှိ သတ်မှတ်ထားသည့် ၁၅ ရက်အတွင်း အလုပ်သမားကတ် လာမလုပ်သဖြင့် ရက်လွန်သွားသူများကို ပြန်လည် လက်ခံ ပြုလုပ်ပေးရန်နှင့် အထောက်အထားမရှိသူများ၊ သက်တမ်းကုန် အလုပ်သမားများအတွက် အလုပ်သမားကဒ် ထုတ်ပေးရန် ၁၅ ရက် အထူးစခန်းများ ဖွင့်လှစ်ပေးရန်ုတို့ကို သဘောတူ ချမှတ်ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် နေထိုင်ခွင့် ပြုလိုက်သဖြင့် နေရပ်ပြန်သွားသည့် အလုပ်သမား များအနေဖြင့် ထိုင်နိုင်ငံသို့ တရားဝင် ပြန်ဝင်လာမည်ဆိုပါက အစိုးရထံ တရားဝင် MOU စနစ်ဖြင့် ဝင်လာရန် မေတ္တာရပ်ခံလိုကြောင်း ဦးအောင်ကျော်က ပြောသည်။

ဇွန်လ ၂၀ ရက်နေ့က ထိုင်းအစိုးရက နိုင်ငံခြားသား အလုပ်သမားများ စီမံချက် အက်ဥပဒေကို ပြဌာန်းလိုက်ပြီးနောက် အလုပ်သမား ထောင်နှင့်ချီဖမ်းဆီးခံခဲ့ရသဖြင့် မြန်မာအလုပ်သမားများ ၇၀၀၀၀ ခန့်က မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပြီ ဖြစ်သည်ဟု အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၆ လအတွင်း လာမည့် ဒီဇင်ဘာလကုန်ထိ တရားဝင် အထောက်အထား ရှိရန် လုပ်ဆောင်သွားရမည် ဖြစ်သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly