ပုဇွန်မီးဖုတ်သုပ်

ပုဇွန်မီးဖုတ်သုပ်

မင်္ဂလာပါ

ဒီတပတ်လည်း အသုပ်ဟင်းလျာလေးတွေ ဓာတ်ကျနေလို့ ပုဇွန်မီးဖုတ်သုပ်လေး လုပ်စားဖြစ်ပါတယ်။ ပုဇွန်က လတ်ဆတ်လေ ချိုလေပဲဆိုတော့ ထမင်းနဲ့ မဟုတ်တောင် အသုပ်ကို ဒီတိုင်းထိုင်စားလို့တောင်  အဆင်ပြေပါတယ်။

လိုအပ်တာတွေကတော့…..

ပုဇွန်             ၃၀သား

ငါးပိစိမ်းစား      အနည်းငယ်

ငရုတ်သီးစိမ်း   အနည်းငယ်

နံနံပင်            အနည်းငယ်

ကြက်သွန်ဖြူ     အနည်းငယ်

သံပုရာသီး       ၁လုံး တို့ ဖြစ်ပါတယ်။

ပုဇွန်ကို အခွံမခွာဘဲ မီးအေးအေးနဲ့ ကင်ပါ။ အကျက် ညီအောင် သေချာ အပြန်ပြန်အလှန်လှန် ကင်ပေးပါ၊ ပြီးရင်တော့ အအေးခံထားပေးပါ။

အခန့်မသင့်လို့ ဗိုက်နာ ဗိုက်အောင့်တာကို မဖြစ်စေဖို့  ငါးပိနဲ့ ငရုတ်သီးစိမ်းကိုလည်း မီးကင်ပေးပါ။ ပြီးရင်တော့ကြက်သွန်ဖြူ လေးနဲ့ မညက်တညက်လေး ရောထောင်းထားပါ။ ပုဇွန်အေးသွားပြီ ဆိုရင်တော့ အခွံတွေဖယ်ပြီး သန့်စင်ထားပါ။

ပုဇွန်ကို ငါးပိထောင်းနဲ့ နံနံပင်လေး ထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။ သံပုရာသီးကို ညှစ်ထည့်ပြီး သုပ်ပါ။

အရသာ အပေါ့အငန် မြည်းပြီး အဆင်ပြေပြီဆိုရင်တော့ ကြိုက်နှစ်သက်ရာ ကြက်သွန်နီ နံနံပင်တို့ထည့် ပြင်ဆင်ပြီး သုံးဆောင်နိုင်ပါပြီ။ ချိုချဉ်ငန်စပ် အရသာစုံလင်တဲ့ ပုဇွန်မီးဖုတ်သုပ်လေး ရပါပြီ။ ထမင်းနဲ့ပဲစားစား ၊ ဒီတိုင်းပဲ စားစား အနံ့အရသာကတော့ ပြောဖို့ မလိုတော့ဘူးနော်၊

အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly