၂၀၁၇ ဆီးဂိမ်းတွင် မြန်မာယူ-၂၂အသင်း အုပ်စု(က)တွင် ကျရောက်

၂၀၁၇ ဆီးဂိမ်းတွင် မြန်မာယူ-၂၂အသင်း အုပ်စု(က)တွင် ကျရောက်

ဇူလိုင် ၈၊ ရန်ကုန်။           ။ ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ အမျိုးသားအသက် ၂၃နှစ်အောက် ဘောလုံးပြိုင်ပွဲအုပ်စု မဲခွဲပွဲကို ဇူလိုင် ၈ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ   မြန်မာယူ-၂၂အသင်းမှာ အုပ်စု(က)တွင် ကျရောက်ခဲ့သည်။

မြန်မာယူ-၂၂အသင်းပါဝင်သော အုပ်စု(က)တွင် အိမ်ရှင် မလေးရှားအသင်း၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းအသင်းတို့ပါဝင်သည်။ မြန်မာယူ-၂၂အသင်းနှင့်တစ်အုပ်စုတည်းကျရောက်နေသော စင်ကာပူအသင်းနှင့် ၂၀၁၅ဆီးဂိမ်းတွင် အုပ်စုတွင်းဆုံတွေ့ခဲ့ဖူးပြီး ထိုစဉ်က မြန်မာက ၂ - ၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။ ထို့အပြင် ၂၀၁၈ အာရှယူ-၂၂ခြေစစ်ပွဲတွင်လည်း မြန်မာယူ-၂၂အသင်းနှင့် စင်ကာပူယူ-၂၂အသင်းတို့ တစ်အုပ်စုတည်းကျရောက်နေသည်။

အိမ်ရှင်မလေးရှားယူ-၂၂အသင်းနှင့် မြန်မာယူ-၂၂အသင်းတို့မှာ ဇူလိုင် ၁၃ရက်တွင် မလေးရှားနိုင်ငံ၌ ခြေစမ်းကစားရန် စီစဉ်ထားပြီး ယခု မဲခွဲပွဲတွင် တစ်အုပ်စုတည်း ကျရောက်ခဲ့သဖြင့် ပျက်ပြယ်ဖွယ် ရှိနေသည်။ မြန်မာယူ-၂၂အသင်းမှာ ဆီးဂိမ်းတွင် အောင်မြင်မှုရရန်အတွက် အကြိုပြင်ဆင်မှုအဖြစ် ယှဉ်ပြိုင်ခဲ့သော KBZ Bank Cup ဖိတ်ခေါ်ပြိုင်ပွဲတွင် ကမ္ဘောဒီးယားယူ-၂၂၊ ဟောင်ကောင်ယူ-၂၂၊ ဂျပန်တက္ကသိုလ်အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယရခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly