7 july အောက်မေ့သတိရဂုဏ်ပြုအခမ်းအနားကို ကျောင်းသားသမဂ္ဂအဖွဲ့အစည်းအသီးသီးက ပြုလုပ်

7 july အောက်မေ့သတိရဂုဏ်ပြုအခမ်းအနားကို ကျောင်းသားသမဂ္ဂအဖွဲ့အစည်းအသီးသီးက ပြုလုပ်

ရန်ကုန်၊  ဇူလိုင်  ၇ ။          ။ 7 july အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ကျောင်းသားသမဂ္ဂအဖွဲ့အစည်းအသီးသီးတို့က ရန်ကုန် တက္ကသိုလ်၊ သမဂ္ဂရင်ပြင်တွင် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက အောက်မေ့သတိရ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့ကြသည်။

၁၉၆၂ ခုနှစ်၊ ကျောင်းသားအရေးအခင်းတွင် ကျဆုံးခဲ့သည့်ကျောင်းသူကျောင်းသားများကို ဂုဏ်ပြုသည့် အနေဖြင့် သမဂ္ဂရင်ပြင်၊ ဗိုလ်အောင်ကျော်အုတ်ဂူရှေ့တွင် လွမ်းသူ့ပန်းခွေချပြီး အလေးပြုခဲ့ကြသည်။

"နောင်တော်ကြီးတွေရဲ့ သွေးစွန်းခဲ့တဲ့မြေပေါ်မှာ လာရောက်ဦးညွှတ်ဂါရဝပြုရတာ ဝမ်းလည်းသာတယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ တစ်ချိန်တည်းမှာပဲ သူတို့တွေ ပေးဆပ်ခဲ့တာကို တွေးမိတယ်။ သူတို့တွေသည် ကျွန်တော်တို့အရွယ်မှာ သူတို့ရဲ့ဘဝတွေကို ပေးဆပ်ခဲ့ရတာဆိုတော့ ပြန်တွေးမိတော့ လှိုက်လှိုက်လှဲလှဲ ဝမ်းလည်း နည်းမိတယ်" ဟု 7 july နေ့နှင့် ပတ်သက်ပြီး ရန်ကုန်ဆေးတက္ကသိုလ်(၂) ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုအောင်ပညာနေလင်းက ပြောသည်။

နယ်ချဲ့ဆန့်ကျင်ရေးကနေ နိုင်ငံရေးလှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည့်အပြင် သခင်အောင်ဆန်းတို့ကဲ့သို့သော တိုင်းပြည်ခေါင်းဆောင်များ ပေါ်ထွက်လာခဲ့သည့်တွက် ကျောင်းသားသမဂ္ဂသည် သမိုင်းမှာ ဖယ်ထုတ်၍ မရဟု ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးမှ ကိုကျော်ကိုကိုက ဆိုသည်။

"နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ ဒီမိုကရေစီတိုက်ပွဲတွေမှန်သမျှမှာ ကျောင်းသားသမဂ္ဂရဲ့အခန်းကဏ္ဍက သမိုင်းရဲ့ ဘယ်နေရာကမှ ဖယ်ထုတ် လို့ မရအောင် အရေးပါအရာရောက်တယ်လို့ ကျွန်တော်ပြောချင်တယ်" ဟု ကိုကျော်ကိုကိုက ပြောသည်။

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက တက္ကသိုလ်ကျောင်းသားထုအပေါ် ဖိနှိပ် ချုပ်ချယ်သည့် ကျောင်းဆောင်စည်းကမ်းသစ်များ ချမှတ်ပြဋ္ဌာန်းခဲ့သည့်အတွက်   ကျောင်းသားထုနှင့် ကျောင်းသားသမဂ္ဂက ဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြရာမှ ၁၉၆၂ ဇူလိုင်(၇)ရက်တွင် ဇူလိုင် ၇ ရက် အရေးအခင်း ဖြစ်ခဲ့သည်။

7 july အောက်မေ့ဖွယ်အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်၊ ရန်ကုန်ဆေးတက္ကသိုလ် ၂ ကျောင်းသားများသမဂ္ဂတို့ အပါအဝင်   ကျောင်းသားသမဂ္ဂများ နှင့်ကျောင်းသားဟောင်းများလည်း တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly