ရဲရာကျော် ဒဏ်ရာရသည့် ဆန္ဒပြမှုများ ဖြစ်နေသော ဂျီ ၂၀ အစည်းအဝေးတွင် ထရမ့်နှင့် ပူတင် ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံ

ရဲရာကျော် ဒဏ်ရာရသည့် ဆန္ဒပြမှုများ ဖြစ်နေသော ဂျီ ၂၀ အစည်းအဝေးတွင် ထရမ့်နှင့် ပူတင် ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံ

ဟမ်းဘတ်၊ ဇူလိုင် ၇ ။          ။ ရာသီဥတု ပြောင်းလဲမှုအရေးနှင့် ကုန်သွယ်ရေးတို့နှင့် ပတ်သက်ကာ အမေရိကန်နှင့် ၎င်း၏ အနောက်မဟာမိတ်နိုင်ငံများကြား အက်သံထွက်နေသည့် ကာလအတွင်း ကျင်းပလာသော ဂျာမနီနိုင်ငံက ဂျီ ၂၀ အစည်းအဝေးတွင် စစ်အေးရန်ဖက်များဖြစ်ခဲ့သည့် အမေရိကန်နှင့် ရုရှနိုင်ငံမှ ခေါင်းဆောင်နှစ်ဦးက ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံကာ လက်ဆွဲနှုတ်ဆက်ကြကြောင်း AFP သတင်းတွင် ဖော်ပြသည်။

ဘီလျှံနာသူဌေးကြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကေဂျီဘီအေဂျင့်ဟောင်း ရုရှသမ္မတ ပူတင်တို့က ပထမဆုံးတွေ့ဆုံမှုတွင် ဆွေးနွေးမှုများ များစွာပြုလုပ်သွားမည်ဟုဆိုသည်။

"ဒီကနေ့မှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အစည်းအဝေးအားလုံးကို ကျွန်တော် မျှော်လင့်စောင့်စားနေပါတယ်။ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း အပါအဝင်ပေါ့။ ဆွေးနွေးမှုတွေ အများကြီး လုပ်ဆောင်သွားမယ်။"ဟု ထရမ့်က တွစ်တာတွင် ရေးသားသည်။

ပူတင်ဖက်ကလည်း သဘောထားအတူတူရှိသလားဟု မေးမြန်းရာတွင် တစ်သဘောတည်းပင်ဖြစ်ကြောင်း ရုရှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပီးစကော့ဗ်က အတည်ပြုသည်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ဇူလိုင် ၇ ရက်က ကျင်းပသော ဂျီ ၂၀ ထိပ်သီးအစည်းအဝေးကို တစ်ဖက်စွန်းဆန့်ကျင်ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့မှုများ ဆက်လက်ဖြစ်ပွားရာ ဒဏ်ရာရရဲဦးရေသည် ၁၁၁ ဦးအထိ ရှိသွားပြီး လူ ၄၄ ဦးကိုလည်း ဖမ်းဆီးထားရသည်ဟု အာဏာပိုင်များက ပြောကြောင်း EPA သတင်းတွင် ဖော်ပြသည်။

ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးချဉ်းကပ်မှုတွင် "အမေရိကန် ပထမ" ဗျူဟာနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် အယုံအကြည် မရှိခြင်းများက အထူးသဖြင့် ဥရောပအပါအဝင် ရေရှည်မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးကို လှုပ်ခတ်နေစေလျက်ရှိသည်။

ထရမ့်နှင့် ပူတင်တို့၏ ဆွေးနွေးမှုများက မြောက်ကိုရီးယားပြဿနာ၊ ဆီးရီးယားနှင့် ယူကရိန်း ပဋိပက္ခမှသည် အမေရိကန်-ရုရှ လက်နက်ရုပ်သိမ်းရေးပဋိညာဉ်များ၊ ကမ္ဘာ့ကုန်သွယ်ရေးနှင့် ကမ္ဘာ့ကြီး ပူနွေးလာမှု ကိစ္စရပ်များအထိ အလွန်အရေးကြီးသည့် တွေ့ဆုံမှုဖြစ်မည်ဟု အကဲဖြတ်များက ဆိုကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags