ထိုင်းနယ်စပ်ဒုက္ခသည်များ နေရပ်ပြန်ုနိုင်ရေး ဒုက္ခသည်များ၏ သဘောထား ကောက်ယူမည်

ထိုင်းနယ်စပ်ဒုက္ခသည်များ နေရပ်ပြန်ုနိုင်ရေး ဒုက္ခသည်များ၏ သဘောထား ကောက်ယူမည်
ထိုင်းမြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ၊ ရာမည)

ချင်းမိုင်၊ ဇူလိုင် ၇ ။               ။ ကရင်အမျိုးသားအစည်းအရုံး အပါအဝင် ကရင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ဒုက္ခသည်ပြန်ရေးကော်မတီ(Committee of Refugee Return)က ထိုင်းနယ်စပ်က ကရင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် သဘောထားကောက်ယူသွားမည်ဖြစ်သည်။

ထိုင်းနယ်စပ်က ဒုက္ခသည်များ၏ သဘောထားစစ်တမ်းကောက်ယူရန်အတွက် ဇူလိုင်လ ၅ရက် နှင့် ၆ရက်က ကျင်းပခဲ့သည့် CRR၏ တတိယအကြိမ်မြောက် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်မှစတင်၍ ဒုက္ခသည်စခန်းများအား ထောက်ပံ့မှုများ ၅၀ ရာခိုင်နှုန်းထိ လျော့ချလာသဖြင့် ဒုက္ခသည်များ နေရပ်ပြန်ရေးကို ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကရင်ဒုက္ခသည်စခန်း ၇ ခုမှ ဒုက္ခသည်များ၏ သဘောထားကို ကောက်ယူရခြင်း ဖြစ်သည်ဟု CRR ၏ သတင်းမှတ်တမ်းမှ နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။

“အခုရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ငွေကြေးထောက်ပံ့မှုကို တော်တော်များများ လျော့ချသွားတယ်။ ပြီးခဲ့တဲ့ နှစ်တွေကဆိုရင် ရိက္ခာပဲလျော့ချတာ။ အခုဆိုရင် ထောက်ပံ့ငွေကြေးတွေကအစ အကုန်လုံး လျော့ချတာ။ ၂၀၁၆ မှာတုန်းက ၃၀ ရာခိုင်နှုန်း လျော့ချတယ်။ အခု ၂၀၁၇မှာ ၂၅ ရာခိုင်နှုန်းလောက် ထပ်ချတယ်ဆိုတော့ အနည်းဆုံးတော့ ၅၀ ရာခိုင်နှုန်းလောက် လျော့ချတယ်။ ဒါကတခုပေါ့နော်။ နဂိုကတည်း ၂၀၁၂ မှာကတည်းကိုက ပြန်ရမယ့် အခြေအနေရှိလာတဲ့ တနေ့ကျရင် အစီအစဉ် စနစ်တကျဖြစ်ဖို့အတွက် အဲဒီကတည်းက ကျမတို့ ကြိုဆင်ပြန်ဆင်မှုတွေလုပ်နေတာ ဒီနေ့ထိပဲ။ ဆိုတဲ့အခါကြတော့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ အဲဒါနဲ့လည်း ကျနော်တို့ ချိန်ထိုးတာလည်းပါတယ် တပိုင်းပေါ့နော်။ ဒါကြောင့် လုံးဝ ပြန်လို့ရပြီဆိုတဲ့မတိုင်ခင်မှာ စစ်တမ်းကောက်ယူဖို့ပဲ”ဟု ပြောသည်။

အဆိုပါ စာရင်းကောက်ခံမှုကိုလာမည့် သြဂုတ်လမှစတင်၍ ၃ လကြာ ကရင်ဒုက္ခသည်ကော်မတီ (KRC) လမ်းညွန်မှုအောက်ရှိ စခန်း ၇ ခုမှ ဒုက္ခသည် ၉၀၀၀၀ ကျော်အား သဘောထား ရယူရန် စစ်တမ်းကောက်ယူသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ကုသသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က တတိယ နိုင်ငံသွားရန် အစီအစဉ် မရှိတော့သဖြင့် နေရပ်ပြန်ရန် နေရာပြန်လည်ချထားရန် အစီအစဉ်သာ ရှိတော့သည်ဟု   ပြောဆိုထားပြီး ဖြစ်သည်ဟု သူက ပြောသည်။

တတိယအကြိမ်မြောက် CRR အစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ဒုက္ခသည်ကော်မတီ (KRC)၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင်ဒုက္ခသည်စခန်းခေါင်းဆောင်များ၊ လူထု အခြေပြု ကရင်အဖွဲ့အစည်းများ အပါအဝင် ၂၀ ကျော် တက်ရောက်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်အဖြစ် ကရင်ဒုက္ခသည်များ နေရပ်ပြန်ရေး ဆုံးဖြတ်ခဲ့ပြီး ဗဟိုအဆင့် ဖွဲ့စည်းထားသော CRR ကို ခရိုင်အဆင့် ထပ်မံ ဖွဲ့စည်းရန်တို့ အပါအဝင် ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly