ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်ချုပ်ရေးပေးရန် ကြံ့ခိုင်ရေးအပါအဝင် ပါတီ ၁၄ခု တိုက်တွန်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်ချုပ်ရေးပေးရန် ကြံ့ခိုင်ရေးအပါအဝင် ပါတီ ၁၄ခု တိုက်တွန်း

ရန်ကုန်၊ ဇူလိုင်၇ ။              ။ ရခိုင်ပြည်နယ်အတွင်း လိုအပ်သောဒေသများ၌ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်အပေါ် အစိုးရအဖွဲ့၏တာဝန်ယူမှုအား အာမခံနိုင်ရန် နိုင်ငံတော်သမ္မတမှ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ(၁၄)ပါတီက တိုက်တွန်းကြောင်း ဇူလိုင် ၆ရက်က ထုတ်ပြန်လိုက်သည်။ 

ရခိုင်ပြည်နယ်အတွင်း အခြေအနေများနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ၄၁၃(ခ)အတိုင်း သမ္မတမှ စစ်အုပ်ချုပ်ရေးသတ်မှတ်ကြေငြာပေးရန် ၎င်းပါတီ ၁၄ခုက တောင်းဆိုထားသည်။

ဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အား မကျင့်သုံးခြင်းသည်လည်းကောင်း၊ ဥပဒေက အပ်နှင်းမထားသော ကိစ္စများကို ဆောင်ရွက်နေခြင်းသည်လည်းကောင်း၊ ဥပဒေအား   ဖောက်ဖျက်ရာရောက်သဖြင့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် တိုက်တွန်းသည်ဟုလည်း ဖော်ပြထားသည်။ 

အဆိုပါ ပါတီ ၁၄ ခု၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရခိုင်မျိုးချစ်ပါတီမှ ကန့်ကွက်သည့် ကြေညာချက်ကို ဇူလိုင် ၇ရက် ညနေက ထုတ်ပြန်လိုက်သည်။ 

ဒေသမတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုဖြစ်စဉ်များမှာ လက်ရှိအုပ်ချုပ်နေသည့် အစိုးရအဖွဲ့၏ အုပ်ချုပ်မှုယန္တရားလျော့ရဲမှုကြောင့်သာဖြစ်ကြောင်း ယင်းကိစ္စအပေါ် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခြင်းမှာ မှန်ကန်သည့်နည်းလမ်း မဟုတ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဥက္ကဌ ဦးရန်မျိုးအောင်ကမူ ရခိုင်ပြည်နယ်ရှိ နယ်မြေမတည်ငြိမ်သည့် နေရာတွင် ထုတ်ပြန်မည်ဆိုပါက လက်ခံကြောင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြုမြို့နယ်  ကပြောသည်။

"လူတွေကနေ့မှန်းမသိ ညမှန်းမသိကောင်းကောင်းမွန်မွန်လည်း မနေရမအိပ်ရနဲ့ အဲဒီနယ်စပ်ဒေသတွေမှာ ဖြစ်နေကြတာလေ မောင်တောမြို့ပေါ်မှာကျတော့ အဖွဲ့အစည်းတွေက အင်အားရှိတဲ့အခါ ကျတော့နည်းနည်းလုံခြုံတယ်ပေါ့ဗျာ တချို့ရွာတွေကျတော့ရခိုင်လူမျိုးတွေအတွက် နေရထိုင်ရတာအရမ်းခက်ခဲပါတယ်။ အဲဒီဒေသတွေမှ ရိုးရိုးလုံခြုံရေးအပြည့်အဝပေးနိုင်မယ် ဆိုရင်တော့   ပြဿနာမရှိဘူးပေါ့ဗျာ လုံခြုံရေးအပြည့်အဝမပေးနိုင်တဲ့အခါကျတော့ ကာစည်းထုတ်ထားလို့ ရှိရင်တော့ သူ့စည်းကိုယ့်စည်းနည်းနည်းလေး တစ်ယောက်ကိုတစ်ယောက် အကာကွယ် ရပြီးသားလို့ ကျွန်တော်ကတော့ထင်တာပဲလေ"ဟု ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဥက္ကဌ ဦးရန်မျိုးအောင် ကဆိုသည်။

ပါတီ ၁၄ခု၏ ထုတ်ပြန်ချက်တွင် နိုင်ငံ၏အချုပ်ခြာအာဏာအား ထိပါးနှောက်ယှက်ပြီး တည်ငြိမ်မှု ပျက်ပြားစေရန် ဆောင်ရွက်လာသော ပြည်တွင်းပြည်ပလူပုဂ္ဂိုလ်အဖွဲ့အစည်းများကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနှင့်အညီ တိကျပြတ်သားစွာအရေးယူသွားရန်လည်း တိုက်တွန်းထားသည်။

သို့သော် ပြည်ထောင်စုအစိုးရအဖွဲ့မှ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၏ ၂၀၁၇ခုနှစ် ဇူလိုင်(၁)ရက်နေ့၌ ရခိုင်ပြည်နယ်မြောက်ပိုင်းလုံခြုံရေး အခြေအနေထုတ်ပြန်ချက်တွင် "အကြမ်းဖက်မှုများ" "အစွန်းရောက်အကြမ်းဖက်မှုများ"ဟု တရားဝင်ဖော်ပြခဲ့သဖြင့် အပြုသဘောဆောင်သော လုပ်ဆောင်ချက်တစ်ခုအဖြစ် နိုင်ငံရေးပါတီ(၁၄)ခုမှ အသိမှတ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုအတွက်တာဝန်ယူဆောင်ရွက်ရနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တရားဝင်ဆောင်ရွက်မှုအပေါ် ဥပဒေအရအာမခံချက်ပေးပါရန် နိုင်ငံရေးပါတီ(၁၄)ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်ဟု ထုတ်ပြန်ချက်ခေါင်းစဉ်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly